ဝူဟန်အိုးပင်းအမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အောက်တိုဘာ ၁၂ ရက်က အမေရိကန်တင်းနစ်မယ် နှစ်ဦးဖြစ်သည့် ဂျက်ဆီကာ ပဲဂူလာနှင့် ကိုကိုဂါ့ဖ်တို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကိုကိုဂါ့ဖ်က ၆-၄၊ ၇-၅ ရလဒ်ဖြင့် နိုင်ပွဲရရှိပြီး ကစားသမားဘဝ  တစ်ဦးချင်းပြိုင်ပွဲတွင် (၁၁) ကြိမ်မြောက် ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ဂျက်ဆီကာ ပဲဂူလာသည် ပြိုင်ပွဲတစ်လျှောက်တွင် ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် အရွိုင်နာ ဆာဘယ်လင်ကာအပါအဝင် အဲလက်ဇန်ဒရိုဗာ၊ စီနီယာကိုဗာတို့ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သော်လည်း ဗိုလ်လုပွဲတွင် တစ်နိုင်ငံတည်းသူ ကိုကိုဂါ့ဖ်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။

ပြိုင်ဘက် ကိုကိုဂါ့ဖ်က ပြိုင်ပွဲတစ်လျှောက်တွင် ရှောင်၊ ယူချီဂျီးမား၊ ပါအိုလီနီတို့ကို အဆင့်ဆင့်ဖြတ်ကျော်နိုင်ခဲ့သလို ဗိုလ်လုပွဲတွင်လည်း ပဲဂူလာကို ထပ်မံအနိုင်ယူကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ဝူဟန်အိုးပင်းဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုကိုဂါ့ဖ်သည် ယခုပြိုင်ပွဲမတိုင်မီ နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့သည့် တရုတ်အိုးပင်းပြိုင်ပွဲတွင်လည်း ဆီမီးဖိုင်နယ်အဆင့် တက်လှမ်းထားနိုင်သူဖြစ်သည်။

ကိုကိုဂါ့ဖ်သည်  ပြင်သစ်အိုးပင်းဖလားဆွတ်ခူးပြီးနောက် ယခုအခါ   ဝူဟန်အိုးပင်းဖလားကို   ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဇွန်လက ယှဉ်ပြိုင်ကစားခဲ့သည့် ပြင်သစ်အိုးပင်းဖလားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ကမ္ဘာ့နံပါတ်တစ်တင်းနစ်မယ် ဆာဘယ်လင်ကာကို အကြိတ်အနယ်ကစားကာ ၆-၇(၅-၇)၊ ၆-၂၊ ၆-၄ ရလဒ်ဖြင့်  နိုင်ပွဲရရှိကာ  ဖလားဆွတ်ခူးထားသူဖြစ်သည်။

မိုးဇက်