ပဲခူး ဒီဇင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့နယ် အုတ်ဖိုကျေးရွာအုပ်စု ကျုံးရိုးကျေးရွာ၌ ပဲခူး မြစ်ကမ်းပြိုကျနေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး မြစ်ကွေ့များပြားသည့် နေရာဖြစ်၍ ရေလမ်းကြောင်း ဖြတ်ဖောက်ခြင်း လုပ်ငန်းဆောင်ရွက်သွားရန်၊ စိုက်ပျိုးမြေဆုံးရှုံးမှု အနည်းဆုံး ဖြစ်စေရေး Pilot Project ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း တွက်ချက်တင်ပြရန် တာဝန်ရှိသူများအား မှာကြားကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လျှပ်စစ်မီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပဲခူးမြို့နယ် မုက္ကလ ကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်သည့် လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပွင့်လင်းရာသီအတွင်း အချိန်မီပြီးစီးရန်၊ လမ်းအရည်အသွေး ပြည့်မီမှုရှိစေရေး ကြီးကြပ် ဆောင်ရွက်သွားရန်နှင့် လမ်းပခုံးသားများ အမာခံရရှိသည်အထိ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပဲခူးမြို့နယ် အရှေ့ကုန်းရွာနှင့် ဈေးညောင်ပင် ကျေးရွာသို့ ဆက်သွယ်ထားသည့် မြေသားလမ်း အရှည်ခုနစ်ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ မြေပြင်ကွင်းဆင်းစိစစ်တိုင်းတာတွက်ချက် တင်ပြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


