နေပြည်တော်   အောက်တိုဘာ   ၃၁

 

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG  နှင့်  ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက် အဖွဲ့များ၊  ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ၊ အစွန်းရောက်  NLD ပါတီဝင်များသည်  နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကို အကြောက်တရားများ  ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများ  အပါအဝင်  အပြစ်မဲ့ပြည်သူများကို  အဓိက ပစ်မှတ်ထား၍  လုပ်ကြံသတ်ဖြတ်ခြင်း၊  အများပြည်သူပိုင်  အဆောက်အဦများ မီးရှို့ခြင်း၊  ဖောက်ခွဲဖျက်ဆီးခြင်း  စသည့် အကြမ်းဖက်လုပ်ငန်းများကို  နည်းမျိုးစုံ ဖြင့် ပြုလုပ်လျက်ရှိသည်။

 

သွားရောက်စစ်ဆေး

 

၂၀၂၂ ခုနှစ်  အောက်တိုဘာ ၂၇ ရက် တွင်  ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် စစ်ကွင်းမြို့ ညောင်နီကုန်းကျေးရွာအနီး၌ သေနတ်ဒဏ်ရာဖြင့် သေဆုံးလျက်ရှိသည့် အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါသေဆုံး နေသည့်အမျိုးသမီးမှာ လက်ပံတန်းမြို့ မအူကုန်းရပ်ကွက် ကံကြီးလမ်းရှိ 152 KTV ဆိုင်မှဝန်ထမ်း မနွယ်နီ(ခ)ယိမ်း ဖြစ်ကြောင်း သိရှိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၂၉ ရက် တွင် လက်ပံတန်းမြို့ မအူကုန်းရပ်ကွက် သုဝဏ္ဏလမ်းနေ 152 KTV ဆိုင်နှင့် ရွှေလက်ရာ စားသောက်ဆိုင်ပိုင်ရှင် မြတ်မင်းပိုင် (ခ) ဝင်းထွဋ်အောင်အား Sig Sauer ပစ္စတို တစ်လက်၊ ခြောက်လုံးပြူး လေသေနတ် တစ်လက်၊ ကျည်မျိုးစုံ ၂၂၁ တောင့်၊ စကားပြောစက် ၁၆ လုံး၊ လက်ကိုင်ဖုန်း ခုနစ်လုံး၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း ပိုင်ဆိုင်သည့် မင်းရပ် ရပ်ကွက် အမှတ်(၃)လမ်းရှိ ရွှေလက်ရာစားသောက်ဆိုင်မှ လက်ပစ်ဗုံး ရှစ်လုံး၊ မှန်ပြောင်းတစ်ခု၊ စကားပြောစက်ခြောက်လုံး၊ လက်ထိပ်တစ်ခုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 

 

mdn

 

ဖမ်းဆီးရမိ

 

ဖမ်းဆီးရမိတရားခံ မြတ်မင်းပိုင် (ခ) ဝင်းထွဋ်အောင်၏ ဖော်ထုတ်ချက်အရ ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည့် သက်ထွန်းအောင် (ခ) အောင်လေး၊ သူရဦး၊ နေလင်းအောင်နှင့် စန်းမင်းအောင်တို့ကို အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် လက်ပံတန်းမြို့ မအူကုန်းရပ်ကွက် ကံကြီးလမ်းရှိ 152 KTV ဆိုင်၌ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။

 

တရားခံ ကျား ငါးဦး

 

ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ငါးဦးကို Sig Sauer ပစ္စတို တစ်လက်၊ ခြောက်လုံးပြူးလေသေနတ် တစ်လက်၊ ကျည်မျိုးစုံ ၂၂၁ တောင့်၊ လက်ပစ်ဗုံး ရှစ်လုံး၊ မှန်ပြောင်းတစ်ခု၊ စကားပြောစက် ၂၂ လုံး၊ လက်ထိပ်တစ်ခု၊ လက်ကိုင်ဖုန်း ခုနစ်လုံး၊ မော်တော်ယာဉ် တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ မြတ်မင်းပိုင် (ခ) ဝင်းထွဋ်အောင်သည် NLD ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် လက်ပံတန်းမြို့နယ်၌ NLD ပါတီ အောင်နိုင်ရေးအတွက် ဦးဆောင်စည်းရုံး ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ NLD အစိုးရကာလ ၂၀၁၆ ခုနှစ်တွင် လက်ပံတန်း မြို့၌ 152 KTV ဆိုင်အား တရားမဝင် ဖွင့်လှစ်၍ရရှိသော ငွေကြေးအကျိုးအမြတ်များကို လက်ပံတန်းမြို့နယ် NLD ပါတီအတွက် ထောက်ပံ့ပေးခြင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ အောင်နိုင်ရေးအတွက် ထောက်ပံ့ပေးမှု များ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

နည်းမျိုးစုံဖြင့်နှိပ်စက်ညှဉ်းပန်း

 

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ တရားခံ မြတ်မင်းပိုင်(ခ)ဝင်းထွဋ်အောင်သည် ၎င်းပိုင်ဆိုင်သည့် 152 KTV ဆိုင်၌ နေ့စဉ်အရက်သေစာ သောက်စားကာ မူးယစ်လာပါကဆိုင်ရှိ အမျိုးသမီးဝန်ထမ်းများကို ခေါ်ယူ၍ နည်းမျိုးစုံဖြင့် နှိပ်စက်ညှဉ်းပန်းလေ့ရှိပြီး အခြားသူများကို ပြောကြားပါက သတ်ပစ်မည်ဟု အမြဲခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် တရားခံ မြတ်မင်းပိုင် (ခ) ဝင်းထွဋ်အောင်သည် 152 KTV ဆိုင်ရှိ သီးသန့်အခန်း၌ အရက်သေစာသောက်စားကာ ဆိုင်ဝန်ထမ်း မနွယ်နီ (ခ) ယိမ်း၏ ဦးခေါင်းပေါ်တွင် ရေသန့်ဘူးတင်၍ ပစ္စတိုဖြင့်ပစ်ခတ်ခဲ့ရာ မနွယ်နီ (ခ) ယိမ်း၏ ဝဲဘက်နားထင် ကျည်ထိမှန်ခဲ့ကြောင်း၊ မနွယ်နီ (ခ) ယိမ်းသည် သွေးအိုင်ထဲ၌လဲ၍ သတိလစ်မေ့မြောနေစဉ် သေဆုံးပြီဟု ယူဆ၍ အလောင်းအားဖျောက်ဖျက်ရန် 152 KTV ဆိုင်မှ ဝန်ထမ်းများဖြစ်သော သက်ထွန်းအောင် (ခ) အောင်လေး၊ သူရဦး၊ နေလင်းအောင်တို့နှင့်အတူ ၎င်းပိုင်ဆိုင်သည့် လင်ခရူဇာ (အဖြူရောင်) ယာဉ် အမှတ်၊ YGN 7G/8887 ပေါ်သို့တင်ဆောင် ၍ မင်းလှမြို့နယ် စစ်ကွင်းမြို့ ညောင်နီ ကုန်းကျေးရွာဘက်သို့ ထွက်ခွာခဲ့ကြောင်း၊ 152 KTV ဆိုင်မှဝန်ထမ်း စန်းမင်းအောင်သည် လူသတ်မှုကျူးလွန်ခဲ့သည့် သဲလွန်စများမကျန်စေရန် ဖျောက်ဖျက်လုပ်ဆောင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

အလောင်းအား ဖျောက်ဖျက်

 

တရားခံ မြတ်မင်းပိုင် (ခ) ဝင်းထွဋ်အောင် အပါအဝင် လေးဦးသည် ညောင်နီကုန်းကျေးရွာအနီးသို့ အောက်တိုဘာ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် ရောက်ရှိခဲ့ပြီး အလောင်းအား ဖျောက်ဖျက်ရန် လုပ်ဆောင်နေစဉ် မနွယ်နီ (ခ) ယိမ်းမှာ ပြန်လည်သတိရလာသဖြင့် သက်ထွန်းအောင် (ခ) အောင်လေးမှ အသင့်ပါလာသော ပစ္စတိုဖြင့် ဦးခေါင်းကို ထပ်မံပစ်ခတ် သတ်ဖြတ်ခဲ့ပြီး အလောင်းအား ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင်အမှတ်၊ ၉၄/၆ နှင့် ၉၄/၇ အကြား ချုံပုတ်အတွင်း၌ ဝှက်ထားခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။

 

သို့ဖြစ်၍ အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဖမ်းဆီးရမိတရားခံများကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရားမဝင် လက်နက်ကိုင် ဆောင်မှုများနှင့် ဥပဒေမဲ့ မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက်လုပ်ဆောင်သူများအား သိရှိရပါက သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက် ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးသတင်းထုတ်ပြန် ထားသည်။

 

သတင်းစဉ်