ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသည့် Pan Pacific Open အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင် ဆွစ်ဇာလန်တင်းနစ်မယ် ဘီလင်ဒါဘင်းဆစ်က ချက်ဇ်တင်းနစ်မယ် လင်ဒါနော့ စကိုဗာကို အနိုင်ယူပြီး ဒုတိယမြောက် ဒဗလျူ တီအေ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။
၎င်းသည် အဆိုပါ ဗိုလ်လုပွဲစဉ်တွင် ပြိုင်ဘက်ကို ၆-၂၊ ၆-၃ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ အသက် ၂၈ နှစ်အရွယ် ဘင်းဆစ်သည် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် အဘူဒါဘီအိုးပင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက် အမေရိကန်တင်းနစ်မယ် ခရူဂါကို အနိုင်ယူကျော်ဖြတ်ကာ ဖလားဆွတ်ခူးထားနိုင်သူ ဖြစ်သည်။
ဘင်းဆစ်သည် ပြိုင်ပွဲတစ်လျှောက်တွင် နာမည်ကြီးတင်းနစ်မယ်များဖြစ်သည့် ဂရာချီဗာ၊ မူချိုဗာ၊ ကီနင်တို့ကို အဆင့်ဆင့်ကျော်ဖြတ်ကာ နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းလာသူဖြစ်သည်။
အသက် ၂၀ အရွယ် နော့စကိုဗာသည် အောက်တိုဘာလအစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် တရုတ်အိုးပင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲတွင်လည်း ပြိုင်ဘက် အမေရိကန်တင်းနစ်မယ် အနီဆီမိုဗာကို ရှုံးနိမ့်ခဲ့သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ထားသူဖြစ်သည်။
မိုးဇက်


