ဂါဇာ အောက်တိုဘာ ၂၁
အောက်တိုဘာ ၁၀ ရက်က ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစတင်အသက်ဝင်ပြီးနောက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကုန်တင်ယာဉ်အစီးရေ ၉၈၀ သာလျှင် ဂါဇာကမ်းမြောင်သို့ ဝင်ရောက်မှုရှိသောကြောင့် မျှော်မှန်းထားသည့် အစီးရေ ၆၆၀၀ နှင့် နှိုင်းယှဉ်လျှင် အလွန်လျော့နည်းနေသေးကြောင်း ဟားမားစ်အဖွဲ့ထိန်းချုပ်သည့် မီဒီယာရုံးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားသည်။
ဒေသခံများ၏ နေ့စဉ်ဘဝအတွက် မှီခိုအားထားပြုနေရသော ထောက်ပံ့ရေးပစ္စည်းများပြတ်လပ်မှု ဆိုးဆိုးရွားရွားကြုံတွေ့နေရချိန်၌ ချက်ပြုတ်ရာတွင် အသုံးပြုသည့် ဓာတ်ငွေ့တင်ဆောင်လာသော ကုန်တင်ယာဉ် ၁၄ စီးနှင့် မုန့်ဖုတ်လုပ်ငန်း၊ မီးစက်များ၊ ဆေးရုံများနှင့် အခြားသော အရေးကြီးကဏ္ဍများအတွက် အသုံးပြုရန် ဒီဇယ်ဆီများ တင်ဆောင်လာသော ကုန်တင်ယာဉ် ၂၈ စီးပါ ယာဉ်တန်းရောက်ရှိလာကြောင်း အဆိုပါမီဒီယာရုံးက ပြောသည်။
ထို့အပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူညီမှုရရှိပြီးနောက် ဂါဇာကမ်းမြောင်သို့ နေ့စဉ် ကုန်တင်ယာဉ်အစီးရေ ၈၉ စင်းကျော်သာ ဝင်ရောက်မှုရှိကြောင်း၊ ယင်းမှာ မျှော်မှန်းထားသော နေ့စဉ်ဝင်ရောက်မှု ကုန်တင်ယာဉ်အစီးရေ ၆၀၀ နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းပါးကြောင်း သိရသည်။
အကန့်အသတ်ဖြင့် ရရှိနေသော ထောက်ပံ့ရေးပစ္စည်းများမှာ အနည်းဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် လူမှုဘဝလိုအပ်ချက်ကိုပင် ဖြည့်ဆည်းပေးနိုင်ခြင်းမရှိပေ။ ထို့ကြောင့် အစားအသောက်၊ ဆေးဝါး၊ ကယ်ဆယ်ရေးပစ္စည်း၊ စက်သုံးဆီနှင့် ချက်ပြုတ်ရာတွင်အသုံးပြုသည့် ဓာတ်ငွေ့အပါအဝင် တစ်နေ့လျှင် ကုန်တင်ယာဉ်အစီးရေ ၆၀၀ ထက်မနည်း အမြန်ဆုံးနှင့် စဉ်ဆက်မပြတ် ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုထားသည်။
ဆင်ဟွာ


