အောက်တိုဘာ ၁၅
ဟားမတ်စ်သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ကာ ဓားစာခံများ၏သေဆုံးရုပ်အလောင်းများ ပြန်လည်ရရှိရေးနှောင့်နှေးစေသည်ဟု ပြစ်တင်ပြောဆိုကာ ဂါဇာကမ်းမြောင်ဒေသသို့ အကူအညီများဝင်ရောက်မှုကို သိသိသာသာလျှော့ချမည်ဖြစ်ကြောင်း အစ္စရေးက ကုလသမဂ္ဂကို အသိပေးထားသည်ဟု ဖော်ပြထားသည်။
ဂါဇာကမ်းမြောင်သို့ ဝင်ရောက်ခွင့်ပြုသည့် အခြားအစိုးရမဟုတ်သော အဖွဲ့များမှ အကူအညီပေးရေး ထရပ်ကားအရေအတွက်ကို တစ်နေ့လျှင် ၆၀၀ မှ ၃၀၀ အထိ ထက်ဝက်လျှော့ချမည်ဟု အစ္စရေးအာဏာပိုင်များက အသိပေးထားကြောင်း ကုလသမဂ္ဂအရာရှိများက ပြောကြားခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်သည့်ကိစ္စများမှလွဲ၍ လောင်စာနှင့် ဓာတ်ငွေ့များ ဝင်ရောက်မှုကို တားမြစ်မည်ဟုလည်း အစ္စရေးက ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းအရ ဟားမတ်စ်သည် အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိန်းသိမ်းထားသော ဓားစာခံ ၄၈ ဦးစလုံးကို လွှတ်ပေးရန်ဖြစ်သည်။ အသက်ရှင်ကျန်ရစ်သော ဓားစာခံ အယောက် ၂၀ လွတ်မြောက်လာခဲ့ပြီဖြစ်သော်လည်း သေဆုံးသွားသော ဓားစာခံများ၏ ရုပ်အလောင်း ရှစ်လောင်းကိုသာ ယခုအချိန်အထိ ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။
ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုရေးရာညှိနှိုင်းရေးရုံး(OCHA)၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းထားရန်နှင့် လက်ကျန်ရုပ်အလောင်းများကို မကြာမီ ပြန်လည်ရယူနိုင်မည်ဟု မျှော်လင့်ကြောင်း ယမန်နေ့က ပြောကြားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ အပျက်အစီးများအောက်မှ ရုပ်အလောင်းများကို ထုတ်ယူရန်ကြိုးပမ်းမှုသည် ရက်ပေါင်း သို့မဟုတ် သီတင်းပတ်များပင် ကြာမြင့်နိုင်သည်ဟု လေ့လာသူများကဆိုသည်။
အစ္စရေး၏ ကန့်သတ်ချက်များသည် နယ်မြေတစ်လျှောက် အလွန်လိုအပ်နေသော လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ခြင်းကို နှေးကွေးသွားစေဖွယ်ရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


