ကျောက်မဲ    ဒီဇင်ဘာ    ၁၁ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)‌ ကျောက်မဲမြို့နယ်  ပင်ပေါကျေးရွာအုပ်စု နောင်ပြစ်ကျေးရွာအနီးရှိ  ပေ  ၁၀၀၀   ခန့်နက်သော နမ့်ဆောင်ဟောင်ချောက်ကမ်းပါးအတွင်းသို့ ပြုတ်ကျခဲ့ပြီး ပေ ၃၀၀ ခန့် နေရာတွင်   သစ်ပင်ချုံနွယ်များနှင့်ငြိကာ ခြောက်ရက်ကြာ ပြုတ်ကျနေသည့် နောင်ပြစ်ကျေးရွာ သား      ဦးအိုက်မုန်း (အသက် ၂၉ နှစ်)  အား  ခရိုင်မီးသတ်တပ်ဖွဲ့က ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂  နာရီခန့်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့သည်။

အဆိုပါ   နောင်ပြစ်ကျေးရွာသားသည် ‌ဒီဇင်ဘာ ၃ ရက် နံနက် ပိုင်းက နမ့်ဆောင်ဟောင် ချောက် ကမ်းပါးအနီးတွင်  ရှဉ့်ထောင်ဖမ်းနေစဉ် ခြေချော်ပြုတ်ကျခဲ့ပြီး ချောက်အလွန်နက်သောကြောင့် ပြန်တက်နိုင်ခြင်းမရှိဘဲ ချောက်ထဲတွင်  အစာရေစာပြတ်လပ်လျက် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသား   ချောက်ထဲပြုတ်ကျနေကြောင်းကို ဒီဇင်ဘာ ၇  ရက်တွင်    မိသားစုဝင်ဖြစ်သူများက ရှာဖွေတွေ့ရှိခဲ့ပြီး  ကျောက်မဲ ခရိုင်မီးသတ်ဌာနကို အကြောင်းကြားခဲ့ခြင်းကြောင့် ကျောက်မဲခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး   ဦးကိုကိုဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦးတို့က ကယ်ဆယ်ရေးပစ္စည်းများနှင့်တကွ အခင်းဖြစ်ရာနေရာသို့ သွား‌ရောက်ကယ်ဆယ်ရာ ချောက်ထဲကျနေသူအား မစိုးရိမ်ရဒဏ်ရာများဖြင့် ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ကယ်ထုတ်နိုင်ခဲ့သည်။      

ခရိုင်(ပြန်/ဆက်)