ပေါက်ခေါင်း နိုဝင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် မိုးနှမ်း ၃၉၁၆၄ ဧကကို လျာထားချက် ပြည့်မီစွာဖြင့် စိုက်ပျိုးထားရှိပြီး တချို့တစ်ဝက်ကို ပြန်လည်ရိတ်သိမ်းလျက်ရှိရာ အထွက်နှုန်းလည်း ကောင်းမွန်လျက်ရှိသည်။
ထိုသို့စိုက်ပျိုးရာတွင် ဆင်းရတနာ-၃၊ ဆင်းရတနာ-၁၄ နှင့် မကွေးနှမ်းနက်- ၂/၁၄ စသည့် မျိုးကောင်းမျိုးသန့်များကို မြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ၏ လယ်ယာမြေများတွင် စိုက်ပျိုးခဲ့ရာ ယခုအခါ အချို့စိုက်ခင်းများ ရင့်မှည့်ပြီဖြစ်၍ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး အထွက်နှုန်းကောင်းမွန်စေရန်နှင့် ကုန်ကျစရိတ် သက်သာစေရန် သွင်းအားစုများနှင့် စိုက်ပျိုးရေး နည်းစနစ်ကောင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ဆောင်ရွက်ပေးလျက် ရှိသည်။
ယခုနှစ်တွင် မိုးနှမ်း ၃၁၆၃၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်၍ တစ်ဧကအထွက်နှုန်း ၁၇ ဒသမ ၃၆ တင်းနှုန်းဖြင့် ၅၄၉၂၀၈ တင်း ထွက်ရှိရာ ယခင်နှစ်ကထက် အထွက်နှုန်း ကောင်းမွန်သောကြောင့် ပန်းတိုင်အထွက်နှုန်း ရရှိရန် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှမ်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)


