ပေါက်ခေါင်း ၂၃ ဖေဖော်ဝါရီ

 

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်နဝင်းပင်မတမံ၏ ထိပ်မျက်နှာပြင်တွင် အလျားလိုက်နှင့် အပေါ်အောက် အက်ကွဲကြောင်းများ ဖြစ်ပေါ်မှုနှင့်စပ်လျဉ်း၍ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီအနေဖြင့်  သဘာဝဘေး ကြိုတင်ကာကွယ်ရေးနှင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး ကြိုတင်ပြင်ဆင်မှုနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် စီမံဆောင်ရွက်မှုလုပ်ငန်းများအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နီးနီးကပ်ကပ် ဆောင်ရွက်လျက်ရှိသည်။

 

mdn

 

ယင်းသို့ဆောင်ရွက်မှု၏ လုပ်ငန်းတစ်ရပ်အဖြစ် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ ယနေ့နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင် ဦးဆောင်သောအဖွဲ့သည် ဒေသခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်ချစ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်၊ ဦးဝင်းနိုင်နှင့် မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများဖြင့် သဘာဝဘေးလျော့ပါးရေးဆွေးနွေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။

 

ဆွေးနွေးဟောပြောပွဲ၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရေး ဆောင်ရွက်ရန်လိုအပ်မှုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများ၊ CSO အဖွဲ့များ၊ ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်များအကြောင်းနှင့် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် နည်းလမ်းများ၊ ဆည်မြောင်းတာတမံများဆိုင်ရာ အချက်အလက်များ၊ မြေပြင်အခြေအနေ စီမံခန့်ခွဲမှုများနှင့် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးသည်။

 

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် တက်ရောက်လာသူများက ဆွေးနွေးကြရာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ဆောင်ရွက်သည့်အပိုင်းနှင့် ပြည်သူက ပါဝင်ဆောင်ရွက်သည့် အပိုင်းတို့ရှိကြောင်းနှင့် ပြည်သူလူထုအတွင်း သတင်းအချက်အလက်အမှန် ရရှိစေရေးနှင့် အသိပညာပေးလုပ်ငန်းများ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တာပေါ်လင်စများကို ပေါက်ခေါင်းမြို့နယ် သဘာဝဘေး စီမံခန့်ခွဲမှုကော်မတီသို့ ပေးအပ်ခဲ့ပြီး တောင်နဝင်းရေလှောင်တမံ မျက်နှာပြင်အက်ကွဲကြောင်းဖြစ်ပေါ်မှု အခြေအနေကို သွားရောက်ကြည့်ရှုကြသည်။

 

mdn

 

ဆက်လက်၍ ညနေပိုင်းတွင် ပြည်ခရိုင်နှင့် ပေါက်ခေါင်းမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ CSO အဖွဲ့များမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လိုအပ်ချက်များ၊ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်။

 

ညှိနှိုင်းဆွေးနွေးမှုများအရ သဘာဝဘေးလျော့ပါးရေးနှင့် ဘေးဖြစ်ပွားပါက ထိခိုက်မှုလျှော့ချ နိုင်ရေးအတွက် ရေဘေးဆိုင်ရာ လက်ကမ်းစာစောင်များ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေရေး၊ ကြိုတင်စုဆောင်းထားရန် လိုအပ်သည့် အသက်ကယ်လှေ၊ အသက်ကယ်ကြိုး၊ အသက်ကယ်အင်္ကျီနှင့် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများ ရရှိအသုံးပြုနိုင်ရေး၊ drone အသုံးပြု၍ မြေပြင် အချက်အလက်များ ရရှိရေး ဆောင်ရွက်ပေးနိုင်ရေးကိစ္စများ၊ မလိုလားအပ်သည့် ကောလာဟလများအား ဖြေရှင်းနိုင်ရေး၊ သတင်းမှန်များအား ပြည်သူသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးနိုင်ရေး၊ သတင်းအချက်အလက် အချိန်နှင့်တစ်ပြေးညီရရှိရေးနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများအတွက် ဆက်သွယ်ရေးကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရေး ပံ့ပိုးပေးနိုင်မည့် အစီအမံများ၊ ပြည်သူများ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရန်နှင့် ဆောင်ရန်/ရှောင်ရန်တို့အား ကျယ်ပြန့်စွာသိရှိစေရေးအတွက် ဟောပြောပွဲများ၊ သင်တန်းများဆောင်ရွက်ပေးနိုင်ရေး စသည့် သဘာဝဘေးလျော့ပါးရေးနှင့် ထိရောက်ကောင်းမွန်စွာ တုံ့ပြန်ဆောင်ရွက်နိုင်စေရေး ပံ့ပိုးကူညီပေးမည့်အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)