ပေါင် စက်တင်ဘာ ၇

 

မွန်ပြည်နယ် ပေါင်မြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်များအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပေါင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

 

အောင်မြင်ဖြစ်ထွန်း

 

နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့် ညီညွတ်သောသီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ဝယ်ယူစားသုံးကြကြောင်း၊ နဂါးမောက်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတု စိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်အကြာတွင် ရောင်းတန်းဝင် နဂါးမောက်သီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်းနှင့် တစ်နှစ်လျှင်ငါးကြိမ်ခန့် အသီးများလှိုင်လှိုင်သီးကြောင်း ၊ ပေါင်မြို့နယ် အလှပ်ကျေးရွာမှ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။

 

နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် နှစ်ရှည်သီးနှံဖြစ်၍ ဂရုတစိုက် ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေ တိုးပွားစေမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးရပြီး တစ်ပင်နှင့်တစ်ပင် အနည်းဆုံးခြောက်ပေကွာ စိုက်ပျိုးလေ့ရှိကြောင်း ၊ အသီးအပွင့်များ စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း၊ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီးဟူ၍ နှစ်မျိုးရှိပြီး အဖြူသီးသည် ချိုပြီးအရသာရှိကာ အနီးသီးသည် ကျန်းမာရေးအတွက် ဆေးဘက်ဝင်၍ ပုံမှန်မှီဝဲ စားသုံးပါက အစာချေဖျက်အားကောင်းပြီး ဆီး ၊ ဝမ်း မှန်စေသည့်အပြင် သွေးတိုး၊ ဆီးချိုရောဂါရှိသူများ စားသုံးပါက ကျန်းမာရေးကောင်းမွန်စေကြောင်း သိရသည်။

 

မွန်မလေး(ပြန်/ဆက်)