ပေါင်းတည် ဩဂုတ် ၁၇

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ ၂၀၂၅ မိုးစပါးစိုက်ရာသီတွင် မိုးစပါးစုစုပေါင်း ၇၃၅၁၄ ဧကစိုက်ပျိုးထားလျက်ရှိပြီး ဖြစ်ထွန်းအောင်မြင် လျက်ရှိသည်။

 

မြို့နယ်အတွင်းရှိ သုံးသီးစိုက် စိုက်ပျိုးမြေများရှိ မိုးစပါးများသည် ယခုအခါ ပျမ်းမျှသက်တမ်း ၃၅ ရက် ခန့်ရှိကြပြီး ယခုအချိန်တွင် ပေါင်းမြက်ပယ်ခြင်း၊ မြေဩဇာကြဲပက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြသည်။

 

အဆိုပါ မိုးစပါးများကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့၏ အသိပညာပေး ဆောင်ရွက်မှုဖြင့် မျိုးစေ့ချကိရိယာ၊ လက်ဆွဲကောက်စိုက်စက်၊ ခြောက်တန်းသွား၊ ၁၂ တန်းသွား ကောက်စိုက်စက်ကြီးများဖြင့် လည်းကောင်း၊ မြေအနေအထားအရ အချို့စိုက်ပျိုးမြေများတွင် ကောက်စိုက်သမများဖြင့်လည်းကောင်း အထွက်ကောင်းသည့် အောင်နိုင်တိုး၊ ရတနာတိုး၊ ဗီယက်နမ်၊ ရေဆင်း စပါးမျိုးများနှင့် အင်းလယ်စပါး၊ငွေတိုးစပါးမျိုးများကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

 

ထိုမိုးစပါးများ ပန်းတိုင်အထွက်နှုန်း တင်း ၁၀၀ နှင့်အထက် ထွက်ရှိရေးအတွက် စိုက်ကြပ် တာဝန်ခံ ဝန်ထမ်းများသည် စဉ်ဆက်မပြတ် ကွင်းဆင်းစစ်ဆေးကာ စပါးပင်နုများကို ကိုက်ဖြတ်စားသောက် တတ်သည့် ရွှေခရု အန္တရာယ်မကျရောက်စေရေးနှင့် မိုးရွာသွန်းမှု များပြားလျက်ရှိခြင်းကြောင့် စိုက်ခင်းများ ရေနစ်မြုပ်မှုမဖြစ်ပေါ်စေရေး၊ ရေထုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး တို့ကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)