ပေါင်းတည် နိုဝင်ဘာ ၁၁

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ စပါးနှင့်ပဲမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိရာ တောင်သူများအနေဖြင့် မိုးစပါးများရိတ်သိမ်းအပြီးတွင် ယခုနှစ်ဆောင်းသီးနှံ ပဲမျိုးစုံကို သီးထပ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

တောင်သူများ အဓိကအားထားစိုက်ပျိုးလျက်ရှိသည့် မတ်ပဲအပါအဝင် ပဲမျိုးစုံ ၆၈၉၆၃ ဧက လျာထားစိုက်ပျိုးကြမည်ဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရှိရသည်။

 

အဆိုပါ ပဲမျိုးစုံ၌ မတ်ပဲ ၄၂၀၇၉ ဧက၊ ပဲတီစိမ်း ၉၇၃၂ ဧက၊ မြေပဲ ၇၂၀၂ ဧက၊ ကုလားပဲ ၃၇၆၆ ဧက၊ ပဲနောက် ၁၇၅၃ ဧက၊ ဘိုကိတ်ပဲ ၁၅၄၆ ဧကနှင့်ပဲကြီး၂၈၈၅ ဧက၊ စုစုပေါင်း ပဲမျိုးစုံ ၆၈၉၆၃ ဧက တို့ကို ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ ဖြန့်ချိရောင်းချနိုင်ရေးနှင့် ဖြစ်ထွန်းအောင်မြင်ရေးတို့အတွက် တောင်သူများအနေဖြင့် မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှုများ ရယူကာ ပူးပေါင်းကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ပဲမျိုးစိုက်ပျိုးမှု လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးလျက်ရှိရာ၌ မတ်ပဲ ၉၉၄ဧက၊ ပဲတီစိမ်း ၃၉၉၂ ဧက၊ မြေပဲ ၇၂၀၂ ဧက၊ ပဲနောက် ၅၈၉ ဧက၊ ဘိုကိတ်ပဲ ၃၆၅ ဧကနှင့် ပဲကြီး ၉၃၅ ဧက၊ စုစုပေါင်း ၁၂၆၇၂ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

 

ရွှေသား(ပြန်/ဆက်)