ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဂျာမနီနိုင်ငံ မြူးနစ်မြို့ရှိ အလီးနက်ဇ် အရီနာကွင်း၌ ဇွန် ၅ ရက် နံနက် ၁ နာရီခွဲတွင် ဂျာမနီနှင့် ပေါ်တူဂီအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ပေါ်တူဂီအသင်းက အကြိတ်အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိကာ ဗိုလ်လုပွဲ သို့ တက်လှမ်းနိုင်ခဲ့သည်။
အဆိုပါ ပွဲစဉ်မှာ အသက် ၄၀ အရွယ် ပေါ်တူဂီအသင်း ခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒို အတွက် နိုင်ငံတကာ ပွဲပေါင်း ၂၂၀ ပြည့်မြောက်သည့် ပွဲစဉ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့အပြင် ၎င်းသည် အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် နိုင်ငံတကာသွင်းဂိုးပေါင်း ၁၃၇ ဂိုးရှိလာပြီလည်း ဖြစ်သည်။ နာမည်ကြီး ဂျာမနီအသင်းသည် ပွဲကစားချိန် ၄၈ မိနစ်တွင် လေဗာကူဆင်တိုက်စစ်ကစားသမား ဖလော်ရီယန်ဝစ်ဇ်၏ သွင်းဂိုးဖြင့် ပေါ်တူဂီအသင်းကို ဦးဆောင်ကစားနိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲချိန်များတွင် ချေပဂိုးနှင့် အနိုင်ဂိုး ပြန်လည်ခွင့်ပြုပေးခဲ့ရသည့်အတွက် ဗိုလ်လုပွဲတက်လှမ်းခွင့် လွဲချော်ခဲ့ရသည်။ ပေါ်တူဂီအသင်း အတွက် သွင်းဂိုးများကို ကွန်စီကာအိုနှင့် စီရော်နယ်ဒိုတို့က ပွဲကစားချိန် ၆၃ မိနစ်နှင့် ၆၈ မိနစ်တွင် သွင်းယူပေးခဲ့သည်။
ဂျာမနီအသင်းထက် ပေါ်တူဂီအသင်းက ဂိုးရရှိရန် နီးစပ်သည့်အခွင့် အရေးများနှင့်အတူ သာလွန် သည့် ကစားဟန်ကို ထုတ်ပြနိုင်ခဲ့ပြီး အရေးပါသည့်နိုင်ပွဲကို ဖော်ဆောင်ကာ ဗိုလ်လုပွဲသို့ တက်လှမ်း နိုင်ခဲ့ခြင်းဖြစ်သည်။ ယခုကျင်းပသည့် နေးရှင်းလိဂ်ပြိုင်ပွဲမှာ လေးကြိမ်မြောက်ဖြစ်ပြီး ယခင် သုံးကြိမ်တွင် ပေါ်တူဂီ၊ ပြင်သစ်နှင့် စပိန်အသင်းတို့ ဆွတ်ခူးရရှိထားသည်။ ပေါ်တူဂီအသင်းသည် နေးရှင်းလိဂ်ဗိုလ်လုပွဲတွင် စပိန်နှင့် ပြင်သစ်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့် ဇွန် ၉ ရက် တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ အောင်ဇော်


