မနီလာ  စက်တင်ဘာ  ၂၈

ဖိလစ်ပိုင်နိုင်ငံကို ယခုလအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့သည့် အပူပိုင်းမုန်တိုင်း မီတက်ဂ်နှင့် စူပါတိုင်ဖွန်း  ရာဂါဆာတို့ကြောင့်  စိုက်ပျိုးရေးကဏ္ဍအတွက် ခန့်မှန်းခြေ ဖိလစ်ပိုင်ငွေ ပီဆို ၁ ဒသမ ၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ  ၂၄  သန်းခန့်)   ပျက်စီးဆုံးရှုံးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ဖိလစ်ပိုင်နိုင်ငံ၏    ဒေသကိုးခုတွင်    အဆိုပါ အင်အားပြင်းမုန်တိုင်းများကြောင့် လယ်မြေ  ၄၇၇၂၃ ဟက်တာပျက်စီးခဲ့ပြီး တောင်သူနှင့်   စိုက်ပျိုးရေးလုပ်သား ၅၅၅၉၅ ဦးခန့် ထိခိုက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ ပဏာမခန့်မှန်း ချက်များအရ ဆန်၊ ပြောင်း၊  တန်ဖိုးမြင့်သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းတွင် ထုတ်လုပ်မှု ၁၀၉၉၉၇ မက်ထရစ်တန် ဆုံးရှုံးခဲ့ကြောင်း   ဖိလစ်ပိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ထပ်လောင်းဖော်ပြသည်။

မကြာသေးမီရက်များအတွင်း ဖိလစ်ပိုင်အလယ်ပိုင်းရှိ   အဓိကစိုက်ပျိုးရေးဇုန်များကို   ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ပြင်းထန်သော အပူပိုင်းမုန်တိုင်း ဘူအလွိုင်(Bualoi)   ဒဏ်ခံရသော   ဒေသများမှ ပျက်စီးဆုံးရှုံးမှုစာရင်းများကိုလည်း စိုက်ပျိုးရေးဌာနက ဆက်လက်စုဆောင်းနေသည်ဟု ဆိုသည်။

သဘာဝဘေးအန္တရာယ်များဖြစ်သည့်   အပူပိုင်းမုန်တိုင်း မီတက်ဂ်၊ ရာဂါဆာနှင့် ဘူအလွိုင်သုံးခုတွင် အနည်းဆုံး  ၂၆  ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမျိုးသားသဘာဝဘေး အန္တရာယ်လျော့ပါးရေးနှင့်  စီမံခန့်ခွဲရေးကောင်စီက စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  အိမ်ထောင်စုပေါင်း ၇၃၈၀၀၀ ကျော် (လူဦးရေ ၂ ဒသမ ၇၉ သန်းကျော်)    ထိခိုက်ခဲ့ကြောင်း အဆိုပါကောင်စီက ထုတ်ပြန်ထားသည်။

ဆင်ဟွာ