နိုဝင်ဘာ ၁၁
ဖိလစ်ပိုင်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အားပြင်းမုန်တိုင်း နှစ်လုံးဆက်တိုက်တိုက်ခတ်မှုကြောင့် သေဆုံးသူဦးရေ ၂၅၀ အထိ မြင့်တက်လာခဲ့ပြီး လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
နိုဝင်ဘာ ၄ ရက်နေ့က ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်းမုန်တိုင်းခန့်မေဂီကြောင့် နိုင်ငံအလယ်ပိုင်းတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး လူ ၂၃၂ ဦး သေဆုံးကာ ၁၁၂ ဦး ပျောက်ဆုံးလျက်ရှိကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ (NDRRMC) က ယနေ့တွင် ပြောကြားခဲ့သည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့်သေဆုံးသူများအနက်အများစုသည် စီဘူးပြည်နယ်တွင်ဖြစ်ကြောင်းနှင့် ထိုပြည်နယ်သည် စက်တင်ဘာ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့သော ပြင်းအား ၆ ဒသမ ၉ ပမာဏရှိ ငလျင်ဘေးခံစားနေရဆဲပြည်နယ်ဖြစ်ကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာ ၉ ရက်က လူဇုန်ကျွန်းသို့ ဝင်ရောက်တိုက်ခတ်ခဲ့သော စူပါတိုင်ဖွန်းမုန်တိုင်းဖန်ဝမ်ကြောင့် လူ ၁၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးရုံးက ယနေ့တွင်ပြောကြားခဲ့သည်။
မုန်တိုင်း နှစ်လုံးဆက်တိုက် တိုက်ခတ်မှုကြောင့် ဒေသခံသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လမ်းများနှင့် တံတားများအပါအဝင် နေအိမ်များ၊ လယ်ယာများနှင့် အဓိကအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဖန်ဝမ်မုန်တိုင်းသည် ယခုနှစ်အတွင်း ဖိလစ်ပိုင်သို့ ဝင်ရောက်တိုက်ခတ်သည့် ၂၁ ခုမြောက် အပူပိုင်းမုန်တိုင်းဖြစ်ကာ နိုင်ငံ၏ နှစ်စဉ်ပျမ်းမျှမုန်တိုင်းတိုက်ခတ်မှုအကြိမ်ရေ ၂၀ ထက် ကျော်လွန်လာသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


