အောက်တိုဘာ ၁
ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဆီဗူးပြည်နယ်တွင် ယမန်နေ့ညပိုင်းက လှုပ်ခတ်ခဲ့သော ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးသူ ၆၀ ဦးအထိ ရှိလာနိုင်ကြောင်း ဖိလစ်ပိုင် ပြည်သူ့ကာကွယ်ရေးရုံး (အိုစီဒီ) က ယနေ့တွင် ပြောကြားသည်။
အမျိုးသား သဘာဝဘေး အန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေး ကောင်စီက ကနဦး အစီရင်ခံ ချက်အရ ငလျင်ကြောင့် သေဆုံးသူ ၂၆ ဦးရှိပြီး ၁၄၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပျောက်ဆုံးနေသူများ၏ အထောက်အထားများကိုအိုစီဒီက စစ်ဆေးနေဆဲဖြစ်ပြီးအပျက်အစီးများ အတွင်း ပိတ်မိနေသူများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ဆီဗူးပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးရုံးက ငလျင်ကြောင့် သေဆုံးသူ ၆၀ ကျော်ရှိကြောင်း မှတ်တမ်းတင်ထားပြီး ငလျင်ဗဟိုချက်ဖြစ်သော ဘိုဂိုမြို့တွင် သေဆုံးသူ ၃၀ ထက်မနည်းရှိပြီး ဆန်ရီမီဂျီယိုမြို့တွင် ၂၂ ဦး၊ မီဒဲလ်လင်တွင် ၁၀ ဦးနှင့် တာဘူလန်မြို့၌ တစ်ဦးတို့ဖြစ်ကြောင်း ဖော်ပြထားသည်။
ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒ အင်စတီကျုက ပြင်းအား ၆ ဒသမ ၇ ပမာဏရှိ ငလျင်တစ်ခု ည ၉ နာရီ ၅၉ မိနစ်က လှုပ်ခတ်ခဲ့သည်ဟု ကနဦးသတင်းထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် ငလျင်ပြင်းအား ၆ ဒသမ ၉ ပမာဏသို့ ပြန်လည်ပြင်ဆင်ခဲ့ပြီး ဘိုဂိုစီးတီး၏ အရှေ့မြောက်ဘက် ၁၉ ကီလိုမီတာခန့်အကွာ အနက် ၅ ကီလိုမီတာတွင် လှုပ်ခတ်သွားကြောင်း ထပ်လောင်းဖော်ပြခဲ့သည်။
ဖိလစ်ပိုင်အလယ်ပိုင်းရှိ အိမ်နီးချင်းပြည်နယ်အများအပြားနှင့် ဖိလစ်ပိုင်တောင်ပိုင်းရှိ ဒေသအချို့တွင်လည်း ငလျင်လှုပ်ခတ်မှုခံစားခဲ့ရသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


