မနီလာ နိုဝင်ဘာ ၄
ဖိလစ်ပိုင်နိုင်ငံသို့ တိုင်ဖွန်းမုန်တိုင်း ကယ်မယ်ဂီ နိုဝင်ဘာ ၄ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့ရာတွင် အိမ်များရေလွှမ်းမိုးပြီး ကားများရေထဲမျောပါသွားကာ ဒေသခံထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ ရပြီး အနည်းဆုံး ၂၆ ဦး သေဆုံးခဲ့ကြောင်း အရပ်ဘက်ကာကွယ်ရေးရုံးက ပြောကြားသည်။
၎င်းမုန်တိုင်းတိုက်ခတ်ခြင်းကြောင့် နိုင်ငံအလယ်ပိုင်း ဗီဆရဒေသတွင် ၂၂ ဦး၊ နီဂရို့စ်ကျွန်းဒေသတွင် နှစ်ဦး၊ အနောက် ဗီဆရဒေသတွင် တစ်ဦးနှင့် အရှေ့ဗီဆရဒေသတွင် တစ်ဦးသေဆုံးကြောင်း ၎င်းရုံး ပြောရေးဆိုခွင့်ရှိသူ ဂျူနီကတ်စတီလိုက ပြောသည်။
သေဆုံးသူများသည် ရေကြီးရေလျှံမှုတွင် မျောပါသွားခြင်း၊ လဲကျနေသော သစ်ပင်များကြောင့် ညှပ်မိခြင်းနှင့် ဓာတ်လိုက်ခြင်းတို့ကြောင့် သေဆုံးခြင်းဖြစ်သည်ဟု ၎င်းကပြောကြားခဲ့သည်။
၎င်းတိုင်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ လူပေါင်း ၆၀၀၀၀ ကို သက်ရောက်မှုရှိကြောင်း အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီက ပြောကြားခဲ့သည်။
ဖိလစ်ပိုင်တပ်မတော်၏ ရဟတ်ယာဉ်တစ်စင်းသည် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေစဉ် ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းရှိ အော်ဆန်ဒါဆာပြည်နယ်တွင် ပျက်ကျခဲ့ကြောင်း ဖိလစ်ပိုင်လေတပ်က ပြောကြားသည်။
ဆီဗူးပြည်နယ်ရှိ လမ်းများတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် ကားများပျက်စီးနေခြင်းနှင့် အိမ်ခေါင်မိုးများပေါ်တွင် ကယ်ဆယ်သူများအားစောင့်နေသည့် ဒေသခံများကို လူမှုမီဒီယာတွင် ထုတ်လွှင့်ပြသခဲ့သည်။
၎င်းတိုင်ဖွန်း မုန်တိုင်းကြောင့် လေကြောင်းခရီးစဉ် ၁၀၀ ကို ဖျက်သိမ်းခဲ့ရကြောင်း ဖိလစ်ပိုင်မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့က ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း ၂၀ မျှ တိုက်ခတ်လေ့ရှိပြီး တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခြင်းကြောင့် လေပြင်းများတိုက်ခတ်ခြင်းနှင့် မြေပြိုခြင်းများဖြစ်ကာ ဒေသခံများ အသက်သေဆုံးနေကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


