မနီလာ    စက်တင်ဘာ   ၂၉

ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်အတွင်း ဆက်တိုက်ဝင်ရောက်ခဲ့သည့် မုန်တိုင်းသုံးလုံးနှင့် အနောက်တောင်မုတ်သုံရာသီကာလ  ရေကြီးမှုများကြောင့် သေဆုံးသူ  ၂၇ ဦးအထိ တိုးလာ ကြောင်း အမျိုးသားဘေးအန္တရာယ်လျော့ပါးရေးနှင့်  စီမံခန့်ခွဲရေးကောင်စီက စက်တင်ဘာ  ၂၉ ရက်က  ထုတ်ပြန်သည်။

တိုင်ဖွန်းမုန်တိုင်း   မိရာဆော၊   ရာဂါဆာနှင့် ဘူအလွိုင်  ဝင်ရောက်တိုက်ခတ်မှုများကြောင့် ဖြစ်ပေါ်လာသော ရေကြီးမှုနှင့် မြေပြိုမှုဖြစ်စဉ်များအတွင်း ပျောက်ဆုံးနေသူ  ၁၆ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေကြောင်း အဆိုပါကောင်စီက ထုတ်ပြန်သည်။ ထို့အတူ သဘာဝဘေးဖြစ်စဉ်များအတွင်း  အနည်းဆုံး လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း   သိရသည်။

အဆိုပါမုန်တိုင်းများ  ဝင်ရောက်တိုက်ခတ်ပြီးနောက် နိုင်ငံတစ်ဝန်း မိုးအဆက်မပြတ်ရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုတို့ကြောင့် နေအိမ်များပျက်စီးခဲ့ပြီး အိမ်ထောင်စုပေါင်း ၉၀၇၀၀၀ နီးပါး (လူဦးရေ ၃ ဒသမ ၄  သန်းကျော်) လည်း ထိခိုက်ခဲ့သည်။

တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ပြီးနောက်  ဘေးသင့်အိမ်ထောင်စုပေါင်း ၃၀၀၀၀  ကျော်၊ လူဦးရေ ၁၀၆၀၀၀  ကျော်သည်  အစိုးရကယ်ဆယ်ရေးစခန်းများတွင်  ကျန်ရှိနေသေးကြောင်း၊  ထို့အတူ  နိုင်ငံတစ်ဝန်း ဒေသငါးခုရှိ  မြို့နယ်ပေါင်း  ၅၃ ခု၌ လယ်ယာများ၊   လမ်းများနှင့်   အခြားအခြေခံအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ကောင်စီက ထုတ်ပြန်ထားသည်။

ဆင်ဟွာ