နိုဝင်ဘာ ၈

ဖိလစ်ပိုင်နိုင်ငံတွင် ၁၈၈ ဦးထက်မနည်း သေဆုံးပြီး ၁၃၀ ပျောက်ဆုံးခဲ့သည့် ကယ်မာဂီတိုင်ဖွန်းမုန်တိုင်းမှ ပြန်လည်ကောင်းမွန်လာချိန်တွင် နောက်ထပ်အားပြင်းမုန်တိုင်းတစ်ခုအတွက် ပြင်ဆင်လျက်ရှိကာ ပြည်သူများအနေဖြင့် သတိကြီးစွာနေထိုင်ကြရန် တာဝန်ရှိသူများက တိုက်တွန်းပြောကြားထားသည်။

တိုင်ဖွန်းမုန်တိုင်းကယ်မာဂီသည် ယခုသီတင်းပတ်အစောပိုင်းက နိုင်ငံတစ်ဝန်း တိုက်ခတ်ခဲ့ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ကာ နေအိမ်များပျက်စီးသွားခဲ့သည်။ အထူးသဖြင့် အပန်းဖြေကျွန်း ဆီဘူး ထိခိုက်မှုရှိခဲ့သည်။ သမ္မတ ဖာဒီနန် မားကို့စ်ဂျူနီယာသည်  ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်ရန် အမျိုးသားဘေးအန္တရာယ် အခြေအနေကို နိုဝင်ဘာ ၆ ရက်ကကြေညာခဲ့သည်။

ထို့နောက် တိုင်ဖွန်းမုန်တိုင်းသည် ဗီယက်နမ်သို့ ရွေ့လျားခဲ့ပြီး အလယ်ပိုင်းဒေသတွင် လူငါးဦးသေဆုံးပြီး အိမ်ခြေ ၂၈၀၀ ကျော် ပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ ထိုမုန်တိုင်းသည် နိုဝင်ဘာ ၇ ရက်နေ့နံနက်ပိုင်းတွင်  အပူပိုင်း မုန်တိုင်းအဖြစ် အားပျော့သွားခဲ့သည်။

ယခုအခါနောက်ထပ်မုန်တိုင်းတစ်ခုဖြစ်သည့်ဖန်ဝမ်သည် ဖိလစ်ပိုင်သို့ ချဉ်းကပ်လာလျက်ရှိပြီး မနီလာမြို့ကို သက်ရောက်မည့်အလားအလာရှိကာ မြောက်ပိုင်းတွင် နိုဝင်ဘာ ၉ ရက်နေ့နှောင်းပိုင်း သို့မဟုတ် နိုဝင်ဘာ ၁၀ ရက်နေ့အစောပိုင်းတွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည်ဟု မိုးလေဝသတာဝန်ရှိသူများက မျှော်လင့်ထားသည်။ ကြီးမားသော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားလာနိုင်ကြောင်း ၎င်းတို့က သတိပေးပြောကြားလျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို