နေပြည်တော် ၁၃ ဖေဖော်ဝါရီ
ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ဖြိုဖျက်ခဲ့ရသည့် နေအိမ်(၄)လုံး ပြန်လည်တည်ဆောက်နိုင်ရေး ချင်းပြည်နယ် အစိုးရအဖွဲ့မှ လျာထားဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ ချင်းပြည်နယ်၊ ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ပျက်စီးသွားသည့် နေအိမ်(၅)လုံး ပြန်လည်တည်ဆောက်နိုင်ရေး ကူညီထောက်ပံ့ပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းမှုကို ဒုတိယဝန်ကြီး ဦးစိုးအောင်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဒုတိယဝန်ကြီး ဦးစိုးအောင်က “အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုများ ဖြစ်ပွားရာ၌ အန္တရာယ်ရှိသည့် လူနေအိမ် (၆)အိမ်အနက် နေအိမ် (၄)အိမ်သည် ဖြိုဖျက်ခဲ့ရပြီး (၂)အိမ်သည် မြေပြိုသည့်နေရာနှင့် ကင်းလွတ်သဖြင့် လူနေအိမ် ဖြိုဖျက်ရန်မလိုအပ်ပဲ မူလနေရာ၌ ဆက်လက်နေထိုင်လျက်ရှိကြောင်း၊ ဖြိုဖျက်ခဲ့ရသည့် နေအိမ် (၄)လုံးသည် မူလနေရာတွင် နေအိမ် ပြန်လည်ဆောက်လုပ်ရန် မြေနေရာခိုင်ခံ့မှု မရှိသည့်အတွက် အစားထိုး အိမ်မြေကွက်များကို ဖလမ်း-ဟားခါးလမ်းပေါ်ရှိ မြို့ရှောင်လမ်းအနီးတွင် ပြန်လည်နေရာချထားပေးရန် ချင်းပြည်နယ် အစိုးရအဖွဲ့မှ လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလျာထားသည့် နေရာအား မြေပေးမိန့် ရရှိပြီးပါက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တန်ဖိုးနည်းအိမ်ရာ (၄)လုံး ဆောက်လုပ်ပေးနိုင်ရန် ရန်ပုံငွေ ခွဲဝေရရှိပြီးဖြစ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့မှ လျာထားဆောင်ရွက်လျက် ရှိပါကြောင်းနှင့် မြေနေရာအတည်ပြုပြီးပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အနေဖြင့်လည်း နေအိမ်အမိုးသွပ်များကို သင့်တော်သည့် ပမာဏဖြင့် ထောက်ပံ့ပေးနိုင်ပါကြောင်း” ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
MDN


