နေပြည်တော် ၂၇ ဖေဖော်ဝါရီ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် Physical Education Seminar ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမှာစကားပြောကြားသည်။
ဆက်လက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာချစ်စိန်က National PE Seminar ဖြစ်ပေါ်လာရေးတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ယခုကျင်းပမည့် National PE Seminar သည် နိုင်ငံ၏ လူငယ်မျိုးဆက်သစ်များတွင် မဖြစ်မနေ ပြုလုပ်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး National PE Seminar တွင် ဆွေးနွေးကြမည့် ပညာရှင်များ ဆွေးနွေးမည့် ခေါင်းစဉ်များအား တင်ပြဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်ကြသူများက National PE Seminar ဖြစ်မြောက်ရေးအတွက် လိုအပ်သည့် အကြံပြုချက်များကို ဝိုင်းဝန်းအကြံပေး ဆွေးနွေးကြသည်။
ယင်းနောက် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်မှ National PE Seminar ကျင်းပနိုင်ရေးတွင် နေရာ၊ အချိန်၊ ဖိတ်ကြားကြိုဆိုရေးနှင့် တက်ရောက်မည့်အင်အားတို့အား အတည်ပြုဆွေးနွေး တင်ပြတောင်းခံခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးမှ National PE Seminar ကျင်းပနိုင်ရေး လုပ်ငန်းလိုအပ်ချက်များ ထပ်မံဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက National PE Seminar အား ၂၀၁၉ ခုနှစ်၊ မေလထဲတွင် (၂)ရက်ကျင်းပရန်နှင့် ဝဏ္ဏသိဒ္ဓိ(B)အားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ပြီး ယခုတင်ပြသော ဆွေးနွေးမည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ခေါင်းစဉ်များအား သဘောတူလက်ခံပါကြောင်း၊ ထို့ပြင် ပြည်ပနိုင်ငံ များဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူနှင့် သြစတြေးလျမှ PE ပညာရှင်များ ခေါ်ယူဆွေးနွေးရန် ဖိတ်ကြားထားပါကြောင်းနှင့် အစည်းအဝေးအောင်မြင်ရေးတွင် ဝိုင်းဝန်းကြိုးစား လုပ်ဆောင်သွားကြရန်နှင့် ထွက်ပေါ်လာသည့် ဆုံးဖြတ်ချက်လုပ်ငန်းစဉ်များ အမြန်ဆုံး အကောင်အထည်ဖော်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
(သတင်းစဉ်)


