ပီအက်စ်ဂျီအသင်းမှ ပြင်သစ်တိုက်စစ်မှူး ဒမ်ဘီလီဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားကို ပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးရရှိခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ပီအက်စ်ဂျီအသင်းအတွက် ၅၃ ပွဲမှာ ၃၅ ဂိုးသွင်းယူပေးခဲ့ကာ ဂိုးဖန်တီးနိုင်မှု ၁၄ ကြိမ်ပြုလုပ်နိုင်ခဲ့ကာ ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်ရာသီအတွင်း ဖလားသုံးလုံးရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ပြင်သစ်နိုင်ငံလက်ရွေးစင်အသင်းအတွက်တော့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်းမှာ ခုနစ်ပွဲကစားပေးထားပြီး နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဒမ်ဘီလီဟာ ပြင်သစ်ပထမတန်းပြိုင်ပွဲမှာ လိဂ်သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးသွင်း အများဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်းကို ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်လှမ်းအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ဗိုလ်လုပွဲမှာ ချယ်လ်ဆီးအသင်းကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ဒမ်ဘီလီဟာ ယခုပေးအပ်ချီးမြှင့်တဲ့ ဘလွန်းဒီအောဆုကို ဘာစီလိုနာအသင်းမှ တိုက်စစ်မှူး လာမိုင်းယာမယ်ကို ကျော်ဖြတ်ကာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။ ဒမ်ဘီလီဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာကြောင့် ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားနိုင်ခြင်းမရှိဘဲ အနားယူနေရတာဖြစ်ပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွင်း စပို့တင်းအသင်းနဲ့အတူ ၅၂ ပွဲမှာ ၅၄ ဂိုး သွင်းယူပေးခဲ့တဲ့ လက်ရှိအာဆင်နယ် တိုက်စစ်မှူး ဂျိုကာရက်က ဂိုးသွင်းအများဆုံးကစားသမားဆု၊ ဘာစီလိုနာ တိုက်စစ်မှူး လာမိုင်းယာမယ်က အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားဆု၊ ပီအက်စ်ဂျီ အသင်းနည်းပြ လူးဝစ်အင်းနရစ်က အကောင်းဆုံးနည်းပြဆု၊ ပီအက်စ်ဂျီအသင်းနဲ့အတူ အကောင်းဆုံးလက်စွမ်းပြကစားခဲ့တဲ့ ဂိုးသမားဒွန်နာ ရမ်မာ(လက်ရှိမန်စီးတီးအသင်း)က အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့ပြီး အမျိုးသမီး ဘလွန်းဒီအောဆုကိုတော့ စပိန်နဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမား ဘွန်မာတီက ရရှိခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


