ဂျပန်အိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ ၃၂ ဦးအဆင့်ပြိုင်ပွဲအဖြစ်  အောက်တိုဘာ  ၂၀  ရက်က  ယှဉ်ပြိုင်ကစားခဲ့သည့်  ဆွစ်ဇာလန်တင်းနစ်မယ် ဂိုလူဘစ်နှင့် ဩစတြေးလျနာမည်ကျော် တင်းနစ်မယ် မေရာဂျွိုင်းပွဲစဉ်တွင် မေရာဂျွိုင်းက အကြိတ်အနယ်ကစားကာ ၁-၆၊ ၇-၆ (၇-၅)၊ ၆-၂ ရလဒ်ဖြင့် နိုင်ပွဲရရှိပြီး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

အသက် ၁၉ နှစ်အရွယ်သာရှိသေးသည့် မေရာဂျွိုင်းသည် ဂျပန်အိုးပင်းပြိုင်ပွဲကို ၃၂ ဦးအဆင့်မှ စတင်ဝင်ရောက်ယှဉ်ပြိုင်ကစားခွင့်   ရရှိထားသူဖြစ်သည်။ ၎င်းသည် ဂျပန်အိုးပင်းပြိုင်ပွဲ ၁၆ ဦး အဆင့်တွင် ချက်ဇ်နာမည်ကျော်တင်းနစ်မယ် ကာရိုလီနာ မူချိုဗာနှင့် အောက်တိုဘာ ၂၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 ကာရိုလီနာ မူချိုဗာသည် ဂျပန်အိုးပင်းအမျိုးသမီးတစ်ဦးချင်း ပြိုင်ပွဲ ၃၂ ဦးအဆင့်တွင် တစ်နိုင်ငံတည်းသူ မာကီတာ ဗွန်ဒရော့ဆိုဗာကို အနိုင်ယူကျော်ဖြတ်ကာ ၁၆ ဦးအဆင့်သို့ တက်လှမ်းလာသူဖြစ်သည်။ မေရာဂျွိုင်းသည် စက်တင်ဘာလက ယှဉ်ပြိုင်ကစားခဲ့သည့် ကိုရီးယားအိုးပင်းပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းထားနိုင်သည်။

မေရာဂျွိုင်းနှင့်အတူ ဂျပန်အိုးပင်း ၁၆ ဦးအဆင့်သို့ အခြားနာမည်ကြီး တင်းနစ်မယ်များဖြစ်သည့် ကာလင်စကာယာ၊ ကက်စလာ၊ ဂရာ ချီဗာ၊ လီစ်တို့ တက်လှမ်းနိုင်ခဲ့သည်။ ဗြိတိန်တင်းနစ်မယ် ဘော်လ်တာမှာ ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သည့်အတွက် ယခုနှစ် ဂျပန်အိုးပင်းပြိုင်ပွဲကို ၃၂ ဦး အဆင့်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာ့အလင်း