အစ္စလာမ္မာဘတ်   ဩဂုတ်   ၂၈

၂၀၂၅ ခုနှစ် မုတ်သုံရာသီတွင်   ပါကစ္စတန်နိုင်ငံ ရေကြီးမှုကိုတုံ့ပြန်ရန်   ကုလသမဂ္ဂက   အမေရိကန် ဒေါ်လာခြောက်သိန်း  ခွဲဝေချထားပေးမည်ဟု  ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ဩဂုတ် ၂၅ ရက်တွင် ပြောကြားလိုက်သည်။ 

ပါကစ္စတန်နိုင်ငံ၌ လွန်ခဲ့သည့် ၁၀ ရက်ကျော်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်  ရေကြီးမှု တို့ကြောင့်  လူ  ၄၀၀ ခန့်  သေဆုံးပြီး ၁၉၀  ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်ဒူဂျာရစ်က နယူးယောက်မြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါရေကြီးမှုကြောင့် လူပေါင်း ၂၀၀၀၀ ကျော်မှာ  အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲပင်ဖြစ်သည်။ လာမည့်ရက်များအတွင်း   ပါကစ္စတန်နိုင်ငံ၌   မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားသည်။  ရေဘေးဒုက္ခခံစားရသည့်   အသိုက်အဝန်းများတွင်  ခိုလှုံရာနေရာများ၊ ဆေးဝါး အထောက်အပံ့များ၊ အလုပ်အကိုင်အတွက် ငွေကြေးထောက်ပံ့ပေးမှု၊ တစ်ကိုယ်ရသန့်ရှင်းရေးပစ္စည်းများ၊ သောက်ရေသန့်နှင့် ပညာရေးတို့အတွက်  အကူအညီများ   ချက်ချင်းလိုအပ်လျက်ရှိသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကုလသမဂ္ဂနှင့် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် အာဏာပိုင်များသည် တုံ့ပြန်မှုများ ဆောင်ရွက်နေသည်ဟု ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ပါကစ္စတန်နိုင်ငံ၌  ဇွန် ၂၆ ရက် မုတ်သုံရာသီစတင်သည့်အချိန်မှစ၍ မိုးရွာမှု၊ ရေကြီးမှုတို့နှင့်ဆက်စပ်၍ ၈၀၂ ဦး သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။                 

ဆင်ဟွာ