အစ္စလာမ္မာဘတ် အောက်တိုဘာ ၁၈

 

ပါကစ္စတန်နိုင်ငံ၌ မကြာသေးမီက နိုင်ငံတစ်ဝန်း ပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်ပေါ်စေခဲ့သော ရေကြီးရေလျှံမှုများကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့်ရှိကြောင်း စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး အာဆန်အစ်ခ်ဘဲလ်က ပြောသည်။

 

စိုက်ပျိုးရေးကဏ္ဍတွင် ပျက်စီးဆုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃ ဘီလီယံခန့်နှင့် အခြေခံအဆောက်အအုံကဏ္ဍတွင် ပျက်စီးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံခန့် အပါအဝင် ပဏာမပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့်ရှိသည်ဟု ၎င်းက ပြောသည်။

 

ထို့အပြင် ရေကြီးရေလျှံမှုကြောင့် နိုင်ငံတစ်ဝန်း နေအိမ်ပေါင်း ၂၂၉၀၀၀ ထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့ သည့်အပြင် တံတားအစင်း ၇၉၀၊ အများပြည်သူဆိုင်ရာ အဆောက်အအုံ ၁၂၉ လုံး၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၂၂၆၇ လုံး၊ ကျန်းမာရေးဌာန ၂၄၃ ခု၊ စီးပွားရေးဇုန်နှင့် ဈေးဆိုင်ခန်း ၁၂၉၇ ခု၊ ရေပေးဝေရေးလုပ်ငန်း၊ ရေအရင်းအမြစ်၊ ရေသိုလှောင်ကန် များအပါအဝင် ရေအခြေခံအဆောက် အအုံနေရာ ၈၆ ခုလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဝန်ကြီးအာဆန် အစ်ခ်ဘဲလ်က ဆက်ပြောသည်။ ဆင်ဟွာ