အစ္စလာမာဘတ် ဒီဇင်ဘာ ၂၃
ပါကစ္စတန်နိုင်ငံသည် နိုင်ငံအတွင်းရှိ လူငယ်များအား လုပ်ငန်းများတွင် လုပ်ကိုင်ခွင့်များပေးအပ်ကာ အခွင့်အရေးများရရှိစေရေးအတွက် ပြီးပြည့်စုံသည့် မူဝါဒများဖြင့် ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်၏ လူငယ်အစီအစဉ် အကြီးအကဲ ရာနာ မာဟွတ်အာမက်ခန်း က ပြောသည်။
လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာလုပ်ငန်းအလိုက် ကျွမ်းကျင်မှုရှိစေရေးဆောင်ရွက်နေ ကြောင်း သိရသည်။
လူငယ်များအား လုပ်ပိုင်ခွင့်ပေးခြင်းသည် နိုင်ငံဖွံ့ဖြိုးရေးမဟာဗျူဟာ၏ မဏ္ဍိုင်ဖြစ်ပြီး အစိုးရ၏ ပထမဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ၎င်းကပြောသည်။
လူငယ်များသည် နိုင်ငံအတွက် တန်ဖိုးရှိသည့် ရတနာများဖြစ်ပြီး အနာဂတ်ကာလတွင် နိုင်ငံဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့်သူများဖြစ်သဖြင့် နိုင်ငံအတွင်းရှိ လူငယ်များအား ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရန်အတွက် ပညာရေး၊ တီထွင်ဆန်းသစ်မှု၊ အလုပ်အကိုင်ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။ လူငယ်များအတွက် ပညာတော်သင် အစီအစဉ်၊ လုပ်ငန်းစွမ်းရည် တိုးမြှင့်ရေး၊ စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးခြင်းနှင့် အလုပ်အကိုင်များပေးခြင်းတို့ဖြင့် လူငယ်များအား နိုင်ငံဖွံ့ဖြိုးရေးတွင် ပါဝင်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ရာနာမာဟွတ် အာမက်ခန်းက ပြောသည်။
လူငယ်များအတွက်ဆောင်ရွက်သည့် အစီအစဉ်များသည် ပွင့်လင်းမြင်သာမှုရှိပြီး လူငယ်များအား တူမျှသည့် အခွင့်အရေးများပေးထားကြောင်း ၎င်းက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


