အောက်တိုဘာ ၁၇

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆင်းဒ်ပြည်နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၁၉ ဦးအထိ စံချိန်တင်ခဲ့ကြောင်း ကျန်းမာရေးဌာနက ယမန်နေကပြောကြားသည်။

အောက်တိုဘာလအတွင်း လက်ရှိအချိန်အထိ ထိုရောဂါကူးစက်ခံရသူ ၁၇၅ ဦးကို ထပ်မံတွေ့ရှိခဲ့ပြီး ၂၀၂၅ ခုနှစ် လက်ရှိအချိန်အထိ  ထိုပြည်နယ်တွင် ယင်းရောဂါကြောင့် တစ်ဦး သေဆုံးခဲ့သည်ဟု ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။

ကရာချိမြို့သည် ယခုလအတွင်း ရောဂါဖြစ်ပွားမှုအများဆုံးမြို့အဖြစ် ဆက်လက်တည်ရှိနေပြီး ရောဂါဖြစ်ပွားသူ ၈၅ ဦးရှိကြောင်း အဆိုပါဌာနက ပြောကြားခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု အရေအတွက် မြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း ဖော်ပြရာတွင် ကျန်းမာရေးဝန်ကြီးက ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

ခရိုင်အားလုံးတွင် သံသယရှိသူနှင့် အတည်ပြုလူနာများကို ကျန်းမာရေးဌာနအဖွဲ့များက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး ခရိုင်အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ချက်ချင်းကြိုတင်ကာကွယ်မှုများနှင့် ကုစားမှုများ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို