အစ္စလာမာဘတ် ဩဂုတ် ၂၄
ပါကစ္စတန်နိုင်ငံ၏ ပထမဆုံးကျည်ဆန်ရထား ပြေးဆွဲမည့်စီမံချက်ကို တရုတ်နိုင်ငံ ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း၏ အကူအညီဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ပါကစ္စတန်ရထားပို့ဆောင်ရေးဌာနက ပြောကြားသည်။
လာဟိုးနှင့် ကရာချိအကြားပြေးဆွဲမည့် ၎င်းရထားသည် ၂၀၃၀ အရောက်တွင် ခရီးသွားလာမှုကြာချိန်ကို ငါးနာရီအထိ လျှော့ချနိုင်မည်ဖြစ်သည်။
မူလက ၎င်းခရီးစဉ်၏ ကြာချိန်မှာ နာရီနှစ်ဆယ်ရှိသည်။ ကျည်ဆန်ရထားပြေးဆွဲမည့်အစီ အစဉ်သည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံစီမံကိန်းအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီး ဟာနပ်အဗာဆီက ပြောကြားသည်။ တစ်နာရီလျှင် နှစ်ရာ့ငါးဆယ် ကီလိုမီတာအမြန်နှုန်းဖြင့် ပြေးဆွဲမည့် အဆိုပါခရီးစဉ်သည် ဟိုက်ဒရာဘတ်၊ မူတန်နှင့် ဆာဟီဝါတို့တွင် ခေတ္တရပ်နားမည်ဖြစ်သည်။ ရထားပြေးဆွဲရန်အတွက် ရထားလမ်းပိုင်းအဆင့်မြှင့်ခြင်း၊ တံတားများပြန်လည်တည်ဆောက်ခြင်းနှင့် လမ်းပိုင်းအချက်ပြစနစ်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်သည်။ ကျည်ဆန်ရထားပြေးဆွဲခြင်းဖြင့် ဒေသခံများအတွက် အချိန်အနည်းငယ်အတွင်း ခရီးမိုင်ပေါင်းများစွာကို သွားလာနိုင်သည့်အပြင် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ကာ ဒေသတွင်း ကုန်စည်စီးဆင်းခြင်းကိုလည်း လွယ်ကူစေမည် ဖြစ်သည်။ ရထားပြေးဆွဲခြင်းဖြင့် ကုန်ကျစရိတ် များပြားသည့် အဝေးပြေးလမ်းမှ ကုန်ပို့ဆောင်ခြင်းကို လျှော့ချနိုင်ကာ ပြည်ပမှ လောင်စာဆီတင်သွင်းရခြင်းကို လျှော့ချနိုင်သဖြင့် နိုင်ငံခြားငွေကုန်ကျမှု လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုးကား-ရေဒီယိုပါကစ္စတန်
ဘာသာပြန်-စိုးသူရ


