မန္တလေး စက်တင်ဘာ ၂၂

မန္တလေး - ပြင်ဦးလွင် ကားလမ်း ၁၆ မိုင်ဂိတ်မှ ငါးမိုင်ခန့်အကွာရှိ အရိပ်အာဝါသ ကောင်းမွန်ပြီး အေးချမ်းစွာ အပန်းဖြေ အနားယူနိုင်သည့်အပြင် ဆင်များဖြင့် ဝန်ဆောင်မှုပေးနေသည့် ဝါးနက်ဆင်စခန်းသို့ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် များပြားလာကြောင်း ဝါးနက်ဆင်စခန်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ဆင်စခန်းတွင် ဆင်ကြီး ရှစ်ကောင်နှင့် ဆင်ပေါက်လေး သုံးကောင်ရှိပြီး ဆင်များအား ဆင်စာ ဘူဖေးကျွေးသူများ၊ တစ်နိုင်တစ်ပိုင် ဆင်စာကျွေးသူများနှင့် ဆင်ပေါက်လေးသုံးကောင်ကို လာရောက်ကြည့်ရှုသူများဖြင့် လည်ပတ်သူ များပြားလာကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ပြီ ဖြစ်သလို မကြာခင် သီတင်းကျွတ်ကျောင်းပိတ်ရက် ရုံးပိတ်ရက်ရှည် ရောက်တော့မှာပါ။ အဲဒီ အချိန်ဆိုရင် ဆင်စခန်းကို လာတဲ့သူပိုများတယ်။ လာရောက်လည်ပတ်သူက တစ်လကို ၁၀၀၀-၁၅၀၀ ဝန်းကျင်လောက်ရှိပြီး တချို့က ဆင်ပေါက်ကလေးတွေကို သဘောကျလို့ လာတာလည်းရှိတော့ ဧည့်သည် ပိုများလာတာပါ။ ဝင်ကြေးက ပြည်တွင်းဆိုရင် ငွေကျပ် ၁၀၀၀၊ ပြည်ပ ဧည့်သည်ဆိုရင် ငွေကျပ် ၁၀၀၀၀၊ ဆင်စီးခ က ပြည်တွင်းဆိုရင် ငွေကျပ် ၅၀၀၀နဲ့ ပြည်ပဧည့်သည်ဆိုရင် ငွေကျပ် ၁၀၀၀၀ ပါ ဟု ၎င်းက ပြောသည်။

ဆင်စခန်းတွင် ဆင်အထီး သုံးကောင်နှင့် အမ ငါးကောင်အပြင် ဆင်ပေါက် ကလေးများရှိရာ တစ်နှစ်ရှစ်လသား အရွယ်ရှိ ငြိမ်းချမ်းဦး(အထီး)၊ ကိုးလသား အရွယ်ရှိ ငြိမ်းချမ်းအောင်(အထီး)နှင့် ငါး လသားအရွယ်ရှိ ငြိမ်းချမ်းမေ(အမ)ဟူ၍ သုံးကောင်ရှိရာ အဆိုပါ ဆင်ပေါက်ကလေးများ၏ ပြုမူဆော့ကစားနေမှုများကို ဧည့်သည်များ သဘောကျနှစ်သက်ကြကြောင်း သိရသည်။

အပန်းဖြေအနားယူနိုင်

ဒီနှစ် ခရီးသွားရာသီမှာ ဆင်စခန်းအနီး က သုံးထပ်ရေတံခွန်ကို ဆင်စီးပြီး လမ်းတစ်ဝက်အထိ အလည်အပတ်ပို့မယ့် ဝန်ဆောင်မှု အစီအစဉ်ရှိတယ်။ တော်တော်သာယာပြီး စခန်းကနေ တစ်နာရီလောက် သွားရတဲ့နေရာပါ။ မကြာခင် ခရီးသွားရာသီနဲ့၊ ကျောင်းနဲ့ ရုံးပိတ်ရက်ရှည် ရောက်တော့မှာဆိုတော့ လာရောက်လည်ပတ်ကြမယ့် ဧည့်သည်များမှာဖြစ်လို့ အေးအေးချမ်းချမ်း အနားယူ အပန်းဖြေနိုင်ဖို့ စီစဉ်ထားပါ တယ်ဟု ဆက်လက်ပြောကြားသည်။

ဆင်စခန်းဝန်းကျင်တွင် စားပင်နှင့် အရိပ်ရအပင်များ စိုက်ပျိုးထားပြီး နားနေရန်အဆောင်များ ပြင်ဆင်ထားရှိခြင်း၊ အရိပ်ကောင်းသည့် နေရာများတွင် ခုံတန်းလျားများ ထားရှိခြင်း၊ လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဆင်များက ဖျော်ဖြေတင်ဆက်ခြင်း၊ တောတွင်းခရီး မိနစ် ၃၀ ဆင်စီးခရီးဖြင့် ဝန်ဆောင်မှုပေးခြင်း၊ ဆင်များအား အစာကျွေးခြင်း စသည်ဖြင့် အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)