မန္တလေး စက်တင်ဘာ ၂၂

အရိပ်အာဝါသကောင်းမွန်ပြီး အေးချမ်းစွာ အပန်းဖြေအနားယူနိုင်သည့်အပြင် ဆင်များဖြင့် ဝန်‌ဆောင်မှုပေးနေသည့် မန္တလေး ပြင်ဦးလွင်ကားလမ်း၊ ၁၆ မိုင်ဂိတ်မှ ၅ မိုင်ခန့်အကွာရှိ ဝါးနက်ဆင်စခန်းသို့ ပွင့်လင်းရာသီရောက်ပြီဖြစ်၍ လာရောက်လည်ပတ်သူ ခရီးသွားဧည့်သည် များပြားလာကြောင်း ဝါးနက်ဆင်စခန်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါဆင်စခန်းတွင် ဆင်ကြီး ၈ ကောင်နှင့် ဆင်ပေါက်ကလေး သုံးကောင်ရှိပြီး ဆင်များအား ဆင်စာဘူးဖေးကျွေးသူများ၊ တစ်ပိုင်တစ်နိုင် ဆင်စာကျွေးသူများနှင့် ဆင်ပေါက်ကလေး သုံးကောင်ကို လာရောက်ကြည့်ရှုသူများဖြင့် လည်ပတ်သူများ ပြားလာကြောင်း သိရသည်။

“ပွင့်လင်းရာသီရောက်ပြီဖြစ်သလို မကြာခင် သီတင်းကျွတ်ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်ရှည် ရောက်တော့မှာပါ။ အဲဒီအချိန်ဆိုရင် ဆင်စခန်းကို လာတဲ့သူပိုများတယ်။ လာရောက်လည်ပတ်သူက တစ်လကို ၁၀၀၀ / ၁၅၀၀ ဝန်းကျင်လောက်ရှိပြီး တချို့က ဆင်ပေါက်ကလေးတွေကို သဘောကျလို့ လာကြည့်ကြတာလည်းရှိတော့ ဧည့်သည်ပိုများလာတာပါ။ ဝင်ကြေးက ပြည်တွင်းဧည့်သည်ဆိုရင် ၁၀၀၀ ကျပ်၊ ပြည်ပဧည့်သည်ဆိုရင် ၁၀၀၀၀ ကျပ်၊ ဆင်စီးခက ပြည်တွင်းဆိုရင် ၅၀၀၀ ကျပ်နဲ့ ပြည်ပဧည့်သည်ဆိုရင် ၁၀၀၀၀ ကျပ်ပါ” ဟု စခန်းမှ တာဝန်ရှိသူက ပြောသည်။

ဆင်စခန်းတွင် ဆင်အထီး ၃ ကောင်နှင့် အမ ၅ ကောင်အပြင် ဆင်ပေါက်ကလေးများရှိရာ တစ်နှစ်ရှစ်လသားအရွယ်ရှိ ငြိမ်းချမ်းဦး(အထီး)၊ ၉ လသားအရွယ်ရှိ ငြိမ်းချမ်းအောင်(အထီး)နှင့် ၅ လသားအရွယ်ရှိ ငြိမ်းချမ်းမေ(အမ) ဟူ၍ ၃ ကောင်ရှိရာ အဆိုပါဆင်ပေါက်ကလေးများ၏ ပြုမူဆော့ကစားနေမှုများကို ဧည့်သည်များ သဘောကျနှစ်သက်ကြကြောင်း သိရသည်။

“ဒီနှစ် ခရီးသွားရာသီမှာ ဆင်စခန်းအနီးက သုံးထပ်ရေတံခွန်ကို ဆင်စီးပြီး လမ်းတစ်ဝက်အထိ အလည်အပတ်ပို့မယ့် ဝန်ဆောင်မှု အစီအစဉ်ရှိတယ်။ တော်တော်သာယာပြီး စခန်းကနေ ၁ နာရီ လောက်သွားရတဲ့နေရာပါ။ မကြာခင် ခရီးသွားရာသီနဲ့၊ ကျောင်းနဲ့ ရုံးပိတ်ရက်ရှည် ရောက်တော့မှာဆိုတော့ လာရောက်လည်ပတ်ကြမယ့် ဧည့်သည်များမှာဖြစ်လို့ အေးအေးချမ်းချမ်း အနားယူအပန်းဖြေနိုင်ဖို့ စီစဉ်ထားပါတယ်”ဟု ဆက်လက်ပြောကြားသည်။

ဆင်စခန်းဝန်းကျင်တွင် စားပင်နှင့် အရိပ်ရအပင်များ စိုက်ပျိုးထားပြီး နားနေရန်အဆောင်များ ပြင်ဆင်ထားရှိခြင်း၊ အရိပ်ကောင်းသည့်နေရာများတွင် ခုံတန်းလျားများထားရှိခြင်း၊ လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဆင်များက ဖျော်ဖြေတင်ဆက်ခြင်း၊ တောတွင်းခရီး ၃‌၀ မိနစ်ဆင်စီးခရီးဖြင့် ဝန်ဆောင်မှုပေးခြင်း၊ ဆင်များအား အစာကျွေးခြင်း စသည်ဖြင့် အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။

မင်းထက်အောင် (မန်းကိုယ်ပွား)