ပွင့်ဖြူ နိုဝင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ချည်မျှင်ရှည်ဝါ ၄၈၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးရွာသွန်းမှုကောင်းမွန်ခဲ့သဖြင့် ဝါစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။ လက်ရှိတွင် ဒေသခံတောင်သူများက ဝါစိုက်ခင်းများ အထွက်နှုန်းကောင်းမွန်စေရန် မြေဩဇာကျွေးခြင်း၊ ပိုးမွှားရောဂါကင်းရှင်းရေး ကာကွယ်ဆေးများ ပက်ဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

 

“ဝါစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တောင်သူတွေကို မျိုးကောင်းမျိုးသန့်စိုက်ပျိုးနိုင်အောင် ဖြန့်ဖြူးဆောင်ရွက်ပေးတဲ့အပြင် စိုက်ပျိုးရေးနည်းပညာနှင့် သွင်းအားစုများ အချိုးကျမှန်ကန်စွာ အသုံးပြုတတ်စေရေး နည်းပညာပေးတာတွေ၊ တစ်နှစ်ထက်တစ်နှစ် ဝါများတိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေး မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်နည်းစနစ်များ သင်ကြားပေးခြင်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

 

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် ဒေသခံတောင်သူများက ချည်မျှင်ရှည်ဝါ ရွှေတောင်(၈)၊ ရွှေတောင်(၁၀) ဝါမျိုးများကို အဓိကစိုက်ပျိုးကြကြောင်း၊ အဆိုပါ ဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းစေရေး၊ အထွက်နှုန်းတိုးတက်စေရေး၊ ပိုးမွှားရောဂါကျရောက်မှု မရှိစေရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲတတ်စေရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ တောင်သူအသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)