ပွင့်ဖြူ ဇူလိုင် ၁၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးကြိုကာလတွင် စိုက်ပျိုးထားသော မိုးကြို ပဲတီစိမ်းဧက ၃၁၀၀ အထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၉ ဒသမ ၁၂ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးကြိုကာလတွင် မိုးကြိုပဲတီစိမ်း ၆၃၉၁ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အဆိုပါစိုက်ပျိုးထားသော ပဲတီစိမ်း စိုက်ခင်းများကို ယခုနှစ် ဇူလိုင်လ ပထမပတ်မှ စတင်ရိတ်သိမ်း ခဲ့ရာ ယနေ့အထိ ဧက ၃၁၀၀ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၉ ဒသမ ၁၂ တင်း ထွက်ရှိကြောင်း သိရသည်။
“ဒီနှစ် မိုးကြိုကာလမှာ ပွင့်ဖြူမြို့နယ်အတွင်း မိုးကြိုပဲတီစိမ်း ၆၃၉၁ ဧကထိ စိုက်ပျိုးထားပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ပဲတီစိမ်းစိုက်ခင်းတွေကို ဇူလိုင် လ ပထမပတ်ကစပြီး ရိတ်သိမ်းနေကြပါတယ်။ ဒီနေ့ အထိ ဧက ၃၁၀၀ ရိတ်သိမ်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ ပဲတီစိမ်းစိုက်ပျိုးမှုနဲ့ ပတ်သက်ပြီး တိုးချဲ့စိုက်ပျိုးကြဖို့၊ ဒေသနဲ့ကိုက်ညီတဲ့ အထွက်နှုန်းကောင်းမျိုးတွေကို စိုက်ပျိုးကြဖို့ ပညာပေးတာတွေ ဆောင်ရွက်ပါတယ်”ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပဲတီစိမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေး၊ မြေဩဇာနှင့် စိုက်ပျိုးရေးသွင်းအားစုများ စနစ်တကျ သုံးစွဲရေး၊ သီးနှံအချိန်မီ ရိတ်သိမ်းနိုင်ရေးနှင့် ရိတ်သိမ်းပြီး သီးနှံများ အရည်အသွေးကောင်းမွန်အောင် စနစ်တကျ သိုလှောင်သိမ်းဆည်းရေးစသည့် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပဲတီစိမ်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားလာမည် ဖြစ်သောကြောင့် ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)


