ပွင့်ဖြူ     စက်တင်ဘာ      ၁၇

            မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်း များကို ဒေသခံတောင်သူများက စက်တင်ဘာလ ပထမပတ်မှ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧကလျှင် နေကြာ       ၁၉ ဒသမ ၃၀ တင်းနှုန်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

            ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံနေကြာ ၁၁၂၀ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ၊ အဆိုပါ မိုးသီးနှံအဖြစ် စိုက်ပျိုးထားသော နေကြာသီးနှံစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရရှိပြီဖြစ်သဖြင့် ဒေသခံ တောင်သူများက ယခုနှစ် စက်တင်ဘာလ ပထမပတ်က စတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် နေကြာစိုက်ခင်း ဧက ၈၀ အထိ  ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ နေကြာ တစ်ဧကလျှင် ၁၉ ဒသမ ၃၀ တင်း ထွက်ရှိကြောင်း သိရသည်။

                        ပွင့်ဖြူမြို့နယ်တွင် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့် နေကြာသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို ဒေသခံတောင်သူများက မိုးရာသီနှင့် ဆောင်းရာသီတွင် အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ယခုနှစ် မိုးသီးနှံနေကြာ စိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်း တိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီပေးခြင်း၊ စိုက်ပင်အရေအတွက် ပြည့်မီစေရန် စိုက်ပျိုးရေးအသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ပေးခြင်း စသည့် တောင်သူပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသဖြင့် မိုးနေကြာစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း သိရသည်။

            “နေကြာသီးနှံကို အထွက်နှုန်း တိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း ဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံသော သီးနှံများကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း” ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )