ပွင့်ဖြူ ဩဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ ၁၃၇၆၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၉၅၂၃ ဧက စိုက်ပျိုးရန် လျာထားပြီး ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ဩဂုတ် ၁၈ ရက်တွင် ပဲမျိုးစုံသီးနှံ ၁၃၇၆၂ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။
" ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ပဲမျိုးစုံသီးနှံ ၉၅၂၃ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၁၃၇၆၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ စိုက်ပျိုးပြီးတဲ့ ပဲသီးနှံများတွင် ပဲတီစိမ်း ၆၄၀၉ ဧက၊ ပဲစင်းငုံ ၆၆၁၁ ဧက၊ ပဲကြီး ၆၃၀ ဧက၊ အခြားပဲ ၁၁၂ ဧကတို့ ဖြစ်ပါတယ်။ ပဲသီးနှံတွေ စိုက်ပျိုးတာနဲ့ ပတ်သက်ပြီး သီးနှံအထွက်နှုန်း တိုးတက်စေဖို့အတွက် တောင်သူတွေကို မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်ပျိုးရေးသွင်းအားစုတွေ စနစ်တကျ သုံးစွဲကြဖို့နဲ့ ပိုးမွှားရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြောပြသည်။
ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်၌ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲကြီးနှင့် အခြားပဲသီးနှံ စိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရန် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့် မျိုးစေ့များ စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်များ မှန်ကန်ရေး၊ ပိုးမွှားကျရောက်မှု ကင်းရှင်းရေး၊ ဓာတ်မြေဩဇာများ စနစ်တကျ သုံးစွဲရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ပဲမျိုးစုံသီးနှံများကို စိုက်ပျိုးရာတွင် အထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၍ ပဲသီးနှံများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းကြရမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောပြခဲ့သည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )


