စက်တင်ဘာ ၂၈ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ် ပထမတန်းပြိုင်ပွဲ ပွဲစဉ်(၆)ရဲ့  ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အော်ဇာရီအသင်းတို့ ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ   ဆက်လက်ဦးဆောင်ခွင့် ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ အော်ဇာရီ အသင်းတို့ပွဲစဉ်မှာ   ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုး နှစ်ဂိုးကို ပထမပိုင်းပွဲကစားချိန် ၃၂ မိနစ်မှာ ဇာဘန်ယီက တစ်ဂိုး၊ ဒုတိယပိုင်း ပွဲကစားချိန်   ၅၄   မိနစ်မှာ ဘာရယ်ဒိုက တစ်ဂိုး  အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဇာဘန်ယီဟာ ဘုန်းမောက်အသင်းမှ ပြောင်းရွှေ့လာခဲ့ပြီးနောက်ပိုင်း ပီအက်စ်ဂျီအသင်းနဲ့အတူ ပထမဆုံးသွင်းဂိုး သွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အော်ဇာရီအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ် ပထမတန်း ပွဲစဉ်(၆)  ယှဉ်ပြိုင်ကစားပြီးချိန်မှာ ငါးပွဲနိုင်၊ တစ်ပွဲရှုံးရမှတ် ၁၅ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး   အော်ဇာရီအသင်းကတော့ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ခြောက်ပွဲကစားပြီးချိန်မှာ ရမှတ်ခြောက်မှတ်နဲ့ အမှတ်ပေးဇယား အဆင့်(၁၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဆင့်  ဒုတိယပွဲစဉ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့မှာ စပိန်လာလီဂါပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့   ဘာစီလိုနာအသင်းနဲ့   ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

ငွေကြယ် - ရေးသားသည်