ပြင်ဦးလွင် ဒီဇင်ဘာ ၂၃
ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်၌ ကျင်းပသည့် (၁၈) ကြိမ်မြောက် ပန်းပွဲတော်ကို ဒီဇင်ဘာ ၆ ရက်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဂီတအနုပညာတင်ဆက်မှုများဖြင့် စတင်ဖွင့်လှစ်ခဲ့ရာ အနယ်နယ်အရပ်ရပ်မှ လာရောက်လေ့လာလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ယခုကျင်းပသည့် ပန်းပွဲတော်ကို Immersive Flowers Festival ဟု အမည်ပေးထားပြီး ပန်းပြကွက်များကို မြင်ကွင်းကျယ်ပန်းခင်းများအဖြစ် ပုံဖော်ဖန်တီးထားသဖြင့် ရောင်စုံပန်းခင်းများနှင့် တစ်သားတည်း ကြည့်ရှုခံစားလည်ပတ်နိုင်မည်ဖြစ်သည်။ ထို့ပြင် အရောင်အသွေးစုံလင်သည့် ပြည်တွင်း၊ ပြည်ပမှ နွေ၊ မိုး၊ ဆောင်း ရာသီပန်းမျိုးစိတ် ၄၀ ခန့်ဖြင့် ပန်းပင်အရေအတွက် နှစ်သိန်းကျော်ကိုလည်း ပုံဖော်စိုက်ပျိုးပြသထားသည်။
ထူးခြားသည့်ပန်းပြကွက်အနေဖြင့် သုံးဖက်မြင်ပန်းပြကွက် သုံးခုကို ရနံ့မွှေးလီလီပန်း၊ နေကြာ ပန်း၊ ဟော်လန် ဂန္ဓမာပန်းတို့ဖြင့် အလှဆင်ပြသထားပြီး အဆိုပါပန်းပြကွက်များအတွင်း ၃၆၀ ဒီဂရီ မြင်ကွင်းပုံစံဖြင့် ပန်းများကို အနီးကပ်ထိတွေ့ခံစား၍ အလှဓာတ်ပုံများ ရိုက်ကူးနိုင်မည်ဖြစ်သောကြောင့် ပန်းပွဲတော်ကို Immersive Flowers Festival ဟု အမည်ပေးတင်စားထားသည်။
ပန်းပွဲတော်ကာလအတွင်း တေးဂီတဖျော်ဖြေမှုများဖြင့်ပါ တင်ဆက်လျက်ရှိပြီး လွတ်လပ်ရေးနေ့၊ ခရစ္စမတ်နေ့၊ နိုင်ငံတကာနှစ်သစ်ကူးနေ့နှင့် ဆက်စပ် ရုံးပိတ်ရက်များတွင်လည်း နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကိုပါ ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။
ထို့ပြင် ပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာ ဗဟုသုတတိုးပွားရရှိစေရန် သစ်တော ဦးစီးဌာနနှင့်ပူးပေါင်း၍ အသိပညာပေးပြခန်းတစ်ခုကို ပွဲတော်ကာလအတွင်း ဖွင့်လှစ်ပေးထားသည်။ လေ့လာလိုသူများအတွက် ပန်းမျိုးစိတ်များ၊ သဘာဝသစ်ပင်၊ ပန်းပင်များထိန်းသိမ်းထားရှိမှုအပြင် မူရင်းပန်းမျိုးများ၊ စပ်မျိုးပန်းပင်များနှင့် စုဖွဲ့စိုက်ပျိုး ခင်းကျင်းပြသထားခြင်း၊ အင်ကြင်းကျောက်ပြတိုက်၊ ရွှံ့နွံဖြတ်လျှောက်တံတား၊ သဘာဝငှက်ဥယျာဉ်နှင့် လိပ်ပြာပြတိုက်တို့ကိုလည်း ပြသထားသည်။
ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ် (ရုက္ခဗေဒဥယျာဉ်)သည် နှစ်ပေါင်း ၁၀၀ ကျော် ကြာမြင့်ပြီး မြန်မာနိုင်ငံ၏ အထိမ်းအမှတ် (Landmark) တစ်ခု ဖြစ်ကာ ရေပြင်ဧရိယာ ဧက ၇၀ အပါအဝင် အကျယ်အဝန်း ၄၃၆ ဒသမ ၃၆ ဧကရှိကာ ရုက္ခဗေဒဆိုင်ရာ တန်ဖိုး မြင့်မားသည့် သစ်ပင်ပန်းမန်များနှင့် ရေအရင်းအမြစ်တို့ကို ရေရှည်တည်တံ့စေရေးအတွက် ထိန်းသိမ်း စောင့်ရှောက်ထားခြင်းဖြစ်၍ ဒေသ၏ အပန်းဖြေ လေ့လာရန် ကောင်းမွန်သည့် နေရာတစ်ခုဖြစ်သည်။
ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အောင်သိင်္ခပြည့်


