နေပြည်တော် စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၌ စက်တင်ဘာ ၆ ရက်က အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ တပ်မတော်သားအယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၅ ရက် နံနက် ၁၁ နာရီတွင် ပြင်ဦးလွင်မြို့ သီဟ Mobile ဖုန်းဆိုင်သို့ ဖုန်းလာရောက်ဝယ်ယူရန် ရောက်ရှိလာသူ အမည်မသိလူငယ်တစ်ဦး မှ I Phone-13 ဝယ်ယူရန် ဈေးနှုန်းမေးသဖြင့် ဆိုင်ဝန်ထမ်းများက ရှင်းလင်းပြောပြခဲ့ရာ အဆိုပါလူငယ်က ညနေမှပြန်လာမည်ဖြစ်ကြောင်း ပြောဆို၍ပြန်သွားခဲ့ကြောင်း၊ ထိုနေ့ ည ၇ နာရီခွဲခန့်တွင် အဆိုပါလူငယ်သည် အရက်သေစာသောက်စားမူးယစ်ကာ ဖုန်းဆိုင်သို့ ပြန်လည်ရောက်ရှိလာပြီး ဖုန်းများအားထုတ်ယူကြည့်ရှုကာ ၎င်းလိုချင်သည့်ဖုန်းမှာ I Phone-13 ဖြစ်ပြီး ယခုတွေ့ရှိသည့်ဖုန်းမှာ I Phone-11 Pro Max ဖုန်းဖြစ်နေသဖြင့် မကျေနပ်ကြောင်းပြောကာ ဆိုင်မှဝန်ထမ်းများအား ၎င်းမှာ တပ်မတော်မှ တပ်ကြပ်ကြီးအဆင့်ရှိ စိုးဝင်းဖြစ်ကြောင်း၊ ဆိုင်တစ်ဆိုင်လုံးကို PDF ဟု ပြောဆိုပြီး ဖမ်းခိုင်းမည်ဖြစ်ကြောင်း၊ ယူနီဖောင်းဝတ်ပြီး ပြန်လာမည်ဖြစ်ကြောင်းစသဖြင့် ကြမ်းတမ်းစွာ ခြိမ်းခြောက်ပြောဆိုထွက်ခွာသွားကြောင်း သတင်းရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့သည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါလူငယ်အား စုံစမ်းဖော်ထုတ်ခဲ့ရာ ပြင်ဦးလွင်မြို့နယ် မိုးကြိုးပစ်ကျေးရွာ ရပ်ကွက်ကြီး (၂၁) နေ စိုးဝင်း (၂၄) နှစ် (ဘ) ဦးသိန်းအောင်ဆိုသူဖြစ်ကြောင်း စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပြီး စိုးဝင်းမှာ တပ်မတော်သားတစ်ဦး မဟုတ်ဘဲ တပ်မတော်သားအဖြစ် အယောင်ဆောင်ကာ တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း စစ်ဆေးအတည်ပြု ပေါ်ပေါက်သဖြင့် အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် အထိတ်တလန့်ဖြစ်စေ ရန်ရည်ရွယ်၍ တပ်မတော်သားအယောင်ဆောင်ကာ ခြိမ်းခြောက်ပြောဆိုခဲ့သူ စိုးဝင်းအား ပြင်ဦးလွင် မြို့မရဲစခန်း (ပ) ၁၈၅/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က/ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားရှိသည်။
မသမာသူများသည် နိုင်ငံတော်အစိုးရကို အကြည်အညိုပျက်စေရန်ရည်ရွယ်၍ ပြစ်မှုကျူးလွန်ရာ၌ တပ်မတော်/ ဌာနဆိုင်ရာဝန်ထမ်းများ အယောင်ဆောင်ကာ ပြည်သူလူထုအား ခြိမ်းခြောက်၊ အနိုင်ကျင့်မှုများ မကြာခဏဖြစ်ပွားလျက်ရှိသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ဖော်ပြပါဖြစ်စဉ်အတိုင်း မသင်္ကာဖွယ်ဆောင်ရွက်သူများတွေ့ရှိပါက အနီးဆုံး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ရဲစခန်းများသို့ အချိန်မီသတင်းပို့တိုင်ကြားနိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
သတင်းစဉ်


