နေပြည်တော် ဒီဇင်ဘာ ၉
ပြင်ဦးလွင်မြို့နယ်၌ ရခိုင်ပြည်နယ် တောင်ကုတ်မြို့သို့ သယ်ဆောင်မည့် ငွေကျပ် ၁၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈၅ သိန်းကျော် သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာအနီး၌ ဝေလင်းထွန်း မောင်းနှင်ပြီး အောင်သူဖြိုးနှင့် ပြည့်ဖြိုးဟိန်း (ခ) ဖက်တီးတို့ လိုက်ပါလာသော ALPHARD ယာဉ်ကို စစ်ဆေးရှာဖွေ ရာ စိတ်ကြွဆေးပြား ၂၃ ဒသမ ၉ သိန်းကို သိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၉ နာရီခွဲတွင် ပြင်ဦးလွင်မြို့နယ် ခြေမြစ်ပင်ကျေးရွာအနီး ချုံအတွင်းမှ ဆာလာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြား ၆၂ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းစိတ်ကြွဆေးပြား ၈၅ ဒသမ ၉ သိန်း (၎င်းဒေသတန်ဖိုးငွေကျပ် ၁၂ ဒသမ ၈၈၅ ဘီလီယံ) ကို သိမ်းဆည်းရမိခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရာတွင် ပူးပေါင်းပါဝင်သူ ကျော်မိုးထွန်းအား ဒီဇင်ဘာ ၁ ရက် ည ၁၀ နာရီတွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ ရတနာပုံရပ်ကွက်ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းနှင့်အတူ ပူးပေါင်းပါဝင်သူများမှာ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့နေ ကျော်ကျော် (ဖမ်းဆီးရန်ကျန်)၊ ဟိန်းစည်သူ (ဖမ်းဆီးရန်ကျန်) နှင့် ရွှေတောင်မြို့နေ ကျော်မောင်မောင်လှိုင် (ခ) ကိုချို (ဖမ်းဆီးရန်ကျန်) တို့ဖြစ်ပြီး ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ် တောင်ကုတ် မြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်


