မန္တလေး ၂၄ ဖေဖော်ဝါရီ
ပန်းချီဆရာမ ကက်သလင်းခင် (ခေါ်) ဒေါ်မြင့်မြင့်ဝေ၏ နှလုံးသားထဲမှ ပန်းပွင့်လေးများ အမည်ရ (Flowers in the Heart) (Art Exhibition First Solo Show) တစ်ကိုယ်တော်ပန်းချီပြပွဲ ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၉ နာရီခွဲက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၁ လမ်း၊ ၂၇x၂၈ လမ်းကြားရှိ ရွှေနန်းတော်ပန်းချီပြခန်းနှင့် စတူဒီယို (၇)လွှာတွင် ပြပွဲဖွင့်ပွဲကျင်းပသည်။
ရှေးဦးစွာ ပန်းချီဆရာ အင်ဂါဥူးက အခမ်းနားမှူးအဖြစ် ဆောင်ရွက်ပြီး ပန်းချီပြပွဲနှင့်ပတ်သက်၍ ပြပွဲရည်ရွယ်ချက်နှင့် ပန်းချီလက်ရာများအကြောင်းကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြခန်းလိုက်ကာကို ကြိုးဆွဲ၍ ဆရာကြီးဒေါက်တာ မျိုးသန့်က ဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် စာရေးဆရာ ညီပုလေးနှင့် ဧည့်သည်တော်များက ပြခန်းကို လှည့်လည်ကြည့်ရှုသည်။
အဆိုပါ (Flowers in the Heart) ပန်းချီပြပွဲသည် ပန်းချီဆရာမ ကက်သလင်းခင်၏ အသက်(၇၀)မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းချီကား(၇၀)ကို ပြသထားခြင်း ဖြစ်ပြီး ပန်းချီကားအားလုံးကို Watercolour Pencil ဖြင့် ရေးဆွဲထားကြောင်း၊ ပန်းချီကားများ၏ တန်းဖိုးမှာ ကျပ်သုံးသောင်း တန်ဖိုးရှိပြီး ဆရာမသည် အထက်တန်းကျောင်းသူ ဘဝကပင် ပန်းချီကို ဝါသနာပါ၍ စုဆောင်းထားသည့် ပန်းချီကားများကို ပထမအကြိမ် စုပေါင်းပြသခြင်းဖြစ်ကြောင်း၊ မိမိဝါသနာပါရာ အနုပညာကို အသက်အရွယ် မည်မျှပင်ရောက်သည်ဖြစ်စေ မဆုတ်မနစ် ကြိုးစားလျှင် အောင်မြင်မှုရသည်ဟု ဆရာမက ပြောပြသည်။
ဆရာမ ကက်သလင်းခင်က ပန်းပျိုးလက်ကဗျာဖြင့် "ရင်မှာချစ်ခြင်း၊ လွမ်းခြင်းများနဲ့ လှတဲ့ပန်းများ ပျိုးနေဦးမည် မြင်သူလန်းဆန်း အေးမြစေသား…" ဟူသည့် ကဗျာဖြင့် သူ၏ဝါသနာကို ဖော်ညွှန်းထားသည်။ အဆိုပါပန်းချီပြပွဲကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်ထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီထိ ရွှေနန်းတော်ပန်းချီပြခန်းနှင့် စတူဒီယို၊ ၇၁ လမ်း၊ ၂၇x၂၈ ကြား ချမ်းအေးသာစံမြို့နယ်ရှိ ပန်းချီပြခန်းသို့ မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
ခင်ခင်ဝင်း(ပညာရေး)


