နေပြည်တော် အောက်တိုဘာ ၁၃
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ပညာရေးဒီဂရီ ကောလိပ်ပေါင်းစုံ မန္တလေးဇုန်(ဇုန်-၁) အားကစားပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးအားကစားခန်းမ၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
အဆိုပါ အားကစားပြိုင်ပွဲကို အောက်တိုဘာ ၁၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မန္တလေး၊ မုံရွာ၊ မိတ္ထီလာ၊ တောင်ကြီး၊ လွိုင်ကော်၊ ကျိုင်းတုံ၊ မကွေး၊ ပခုက္ကူ၊ စစ်ကိုင်း စသည့် ပညာရေးဒီဂရီကောလိပ်ကိုးခုမှ ကျောင်းသား ကျောင်းသူ အားကစားသမားများ အသင်းလိုက်ဘောလုံး (အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)၊ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး)၊ ပြေးခုန်ပစ် (အမျိုးသား၊ အမျိုးသမီး) အားကစားနည်း လေးမျိုးဖြင့် ယှဉ်ပြိုင်ကစားသွားကြ မည်ဖြစ်သည်။
ထို့နောက် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးမြို့တော် ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက် သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့်ဘုရားကြီးပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုများ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်းလုပ်ငန်းများနှင့် ပြီးစီးမှုကိုလည်းကောင်း၊ အမရပူရမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် သံသေကပ်ကျော် ဆုတောင်းပြည့်ဘုရားကြီး ပြန်လည်ပြုပြင် မွမ်းမံနေမှုကိုလည်းကောင်း၊ ထိခိုက်ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်း-မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကိုင်းတံတား(အင်းဝ) တံတားသံပေါင်အချို့ကို ရေကြောင်းသွားလာမှုများ အဆင်ပြေစေရေးအတွက် စနစ်တကျဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


