ဒေါက်တာပေါင်ရှင့်ကမ်း

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံ၏ စီးပွားရေး၊ နည်းပညာ၊ လူမှုရေးအဆင့်အတန်း အစရှိသည့်အချက်များဖြင့် ရှုမြင်သုံးသပ်နိုင်ပါသည်။ အဆိုပါ အချက်များသည် သမိုင်းအစဉ်အလာတစ်လျှောက် စီမံခန့်ခွဲမှုအချုပ်အခြာ၊ စီးပွားရေး၊ လူမှုရေး၊ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများရရှိနိုင်ရန် နိုင်ငံအတွင်း နေထိုင်လျက်ရှိသော လူမျိုးပေါင်းစုံ၊ လူတစ်ဦးချင်းစီနှင့် လူမှုအဖွဲ့အစည်းများ၏ တွေးခေါ်မြော်မြင်မှု၊ ရှုမြင်သုံးသပ်မှု၊ လုပ်ကိုင်ဆောင်ရွက်မှုအပေါ် များစွာ မူတည်ပါသည်။

ထိုတွေးခေါ်ရှုမြင်သုံးသပ် လုပ်ကိုင်ဆောင်ရွက်မှုတို့သည် နေထိုင်ဆင်းသက်လာသော လူမျိုးများ၏ ယဉ်ကျေးမှု၊ ဘာသာရေးထုံးတမ်းစဉ်လာများအရ တစ်စိတ်တစ်ဒေသ မူတည်ကွဲပြားနိုင်သော်လည်း အခြေခံအုတ်မြစ်မှာ ပညာရေးစနစ်နှင့် လူ့ဘောင် အဖွဲ့အစည်းအတွင်း တွေးခေါ်မြော်မြင်မှု အားကောင်းသော ပညာတတ်များ မွေးမြူထူထောင်ခြင်းပင်ဖြစ်သည်။ ကမ္ဘာ့သမိုင်းတစ်လျှောက် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံများအားလုံး၏ အောင်မြင်တိုးတက်မှုများကို သေချာစွာ ဆန်းစစ်ကြည့်လျှင် ခိုင်မာသည့် ပညာ ရေးစနစ်ရှိသော နိုင်ငံများသာ စီးပွားရေး၊ နည်းပညာ၊ လူမှုရေးစသည့် နယ်ပယ်အသီးသီးတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိခဲ့ကြောင်း အထင်အရှားတွေ့မြင်နိုင်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး ပညာရေး ကို ပိုမိုအားပေးကြိုးပမ်းရန် ဦးစားပေးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ပညာရေးဆိုင်ရာ ထိုးထွင်းသိမြင်မှုသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံနှင့် လူသားအရင်း အမြစ်ကို မွေးထုတ်ပေးသော ပင်မချက်ကြွေပင်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှသည် နည်းပညာအသစ်များ တီထွင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအထိ၊ လူမှုရေးပြဿနာများ ဖြေရှင်းရေးမှသည် ဒီမိုကရေစီစနစ် ခိုင်မာစေရေးအထိ နယ်ပယ်အားလုံးတွင် ပညာတတ်၊ အသိပညာရှိသော၊ တွေးခေါ်မြော်မြင်မှုရှိသော နိုင်ငံသားများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါသည်။

စဉ်ဆက်မပြတ် လေ့လာသင်ယူ

အရည်အချင်းပြည့်ဝသော လူငယ်များသည် နိုင်ငံ၏ အနာဂတ်ကို ပြောင်းလဲမြှင့်တင်နိုင်စွမ်း ရှိပါသည်။ ပညာရေးသည် လူတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်းကို မြှင့်တင်ပေးရုံသာမက နိုင်ငံတစ်ခုလုံး၏ ဖွံ့ဖြိုးမှုအဆင့်ကိုပါ အဆုံးအဖြတ်ပေးနိုင်သော သော့ချက်ဖြစ်သည်။ ပညာရေးဆိုသည်မှာ အစိုးရတစ်ရပ်တည်း၏ တာဝန်သာမဟုတ်ဘဲ ပုဂ္ဂလိက ကဏ္ဍ၊ ရပ်ရွာအသိုင်းအဝိုင်းများနှင့် မိဘအုပ်ထိန်းသူများသာမက ကာယကံရှင် မျိုးဆက်သစ်များ ကိုယ်တိုင် ပူးပေါင်းပါဝင်ရမည့် လုပ်ငန်းစဉ်ဖြစ်ပါသည်။ ထို့အပြင် လူအားလုံးသည်လည်း မွေးဖွားသည်မှ သေဆုံးသည်အထိ ကျောင်းပညာရေး၊ တက္ကသိုလ်ပညာရေး၊ လုပ်ငန်းခွင်ဆိုင်ရာ၊ သိပ္ပံနှင့် ဝိဇ္ဇာဘာသာရပ်ဆိုင်ရာပညာရပ်များ၊ လူမှုနယ်ပယ်ဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာပညာများကို မိမိနှင့်တကွ နိုင်ငံနှင့်လူမျိုး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ စဉ်ဆက်မပြတ် လေ့လာသင်ယူ နေထိုင်သွားရမည် ဖြစ်ပါသည်။

ထို့ကြောင့်ပင် ပညာရေးဆိုသည်မှာ စာဖတ်ခြင်း၊ ရေးသားခြင်း၊ ဂဏန်းတွက်ခြင်းမျှသာမက ဘဝတစ်သက်တာ သင်ယူလေ့လာမှု၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း၊ အကြောင်းအရာများကို ဝေဖန် ပိုင်းခြားစဉ်းစားတတ်သော စွမ်းရည်များကိုပါ ပိုင်ဆိုင်စေရန် ပုံဖော်ပေးခြင်းဖြစ်သည်။ ခေတ်မီ ဖွံ့ဖြိုးသော နိုင်ငံများသည် ၎င်းတို့၏ ပညာရေးစနစ် ကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံသားတိုင်း၏ ဉာဏ် ပညာစွမ်းအားကို အများဆုံး ဖော်ထုတ်နိုင်ခဲ့ကြသည်။ ထို့ကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးရေးလမ်းစ သည် ပညာရေးမြှင့်တင်မှုသာ ဖြစ်သည်မှာ မလွဲဧကန် အမှန်စင်စစ်သာ ဖြစ်ပါသည်။

ယနေ့ကမ္ဘာသည် ပညာရေးနှင့်ပတ်သက်၍ လေ့လာသင်ယူမှုများကို လွယ်လင့်တကူ ရှာဖွေ လေ့လာနိုင်ပြီး လေ့လာသင်ယူမှု အားကောင်းလျှင် အားကောင်းသလောက် ရရှိနိုင်သော နည်းပညာ ဒစ်ဂျစ်တယ်ခေတ်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ ထို့အပြင် ဉာဏ်ရည်တု၊ အင်တာနက်အခြေပြု လုပ်ငန်းများ၊ ဒေတာသိပ္ပံ စသည့်နယ်ပယ်သစ်များ တွင် ကျွမ်းကျင်သူများ လိုအပ်လျက်ရှိပါသည်။ ထို့အပြင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများလည်း ယနေ့ခေတ်တွင် လူသားတိုင်း ရင်ဆိုင်နေရသည်ကို အားလုံးသိမြင်ကြပြီးဖြစ်ပါသည်။

ဆရာ ဆရာမများ၏ အရည်အသွေးကိုမြှင့်တင်

တစ်ကိုယ်ရေ အသက်မွေးဝမ်းကျောင်းမှုမှသည် စိုက်ပျိုးရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာအဖွဲ့ အစည်းများနှင့် ကဏ္ဍအလိုက် နေ့စဉ်စိန်ခေါ်မှုများ ကို ရင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့၏ ပညာရေးစနစ်ကို ခေတ်နှင့်အညီ အဆက်မပြတ် ပြုပြင်ပြောင်းလဲပြီး စဉ်ဆက်မပြတ် သင်ယူမှုပတ်လမ်း (Lifelong Learning) ကို မြှင့်တင်ပေးရပါမည်။ အခြေခံပညာအဆင့်တွင် ကလေးငယ်တိုင်း အရည်အချင်းမပြတ် တက်ရောက်နိုင်ရေး၊ ဆရာ ဆရာမများ၏ အရည်အသွေး မြင့်မားရေး၊ သင်ရိုးညွှန်းတမ်းများ ခေတ်မီရေးတို့ကို အာရုံစိုက်ရန် လိုအပ်သည်။ ဆရာများသည် နိုင်ငံ၏ အနာဂတ်ကို ပုံဖော်သူများဖြစ်သည်ဟု ဆိုရိုးရှိရာ ၎င်းတို့၏ အရည်အသွေးကို မြှင့်တင်ခြင်းသည် ပညာရေးအရည်အသွေး တိုးတက်စေရန် အတွက် အဓိကသော့ချက်တစ်ခုပင် ဖြစ်ပါသည်။

တက္ကသိုလ်ပညာရေးသည် သုတေသနနှင့် ဆန်းသစ်တီထွင်မှုကို ဗဟိုပြုသင့်သည်။ ကျက်မှတ် ခြင်းများထက် ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် ဆန်းသစ်တီထွင်နိုင်စွမ်း ရှိစေရန်၊ လက်တွေ့နှင့်စာတွေ့ ပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ တွေးခေါ်မြော်မြင်မှုရှိရန်၊ ထိုးထွင်းသိမြင်မှု ရှိရန်တို့ကို ပိုမိုအားပေးသင်ကြားပေးရမည်။ စက်မှု လက်မှုနှင့် သက်မွေးပညာရပ်ဆိုင်ရာ ပညာရေး (TVET) ကိုလည်း အထူးအလေးထားမြှင့်တင်ရန် လိုအပ်သည်။ သို့မှသာ နိုင်ငံတွင်း သက်မွေးပညာ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်း များထူထောင်နိုင်ပြီး ဈေးကွက်တွင်လိုအပ်သော ကျွမ်းကျင်လုပ်သားအင်အားကို မွေးထုတ်ပေးနိုင်မည်ဖြစ်သည်။

ပညာရေးနှင့် စီးပွားရေးကဏ္ဍအကြား ချိတ်ဆက်မှုများ ပိုမိုခိုင်မာစေရန်လိုအပ်ပြီး စက်မှု လုပ်ငန်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းများ၊ ပေါင်းစပ်ဆောင်ရွက်နိုင်မည့် သင်ရိုးညွှန်းတမ်းများအပြင် ကြီးမားကျယ်ပြန့်လာသော လူမှုအဖွဲ့အစည်းများအတွက် အခွန်အခ၊ မူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းဆောင်ရွက် နိုင်ရန်နှင့် လိုက်နာသိရှိနိုင်ရန်အတွက် ဥပဒေပညာရပ်များ၊ နိုင်ငံရေးသိပ္ပံပညာရပ်များကိုလည်း ထည့်သွင်းရေးဆွဲသင့်သည်။ နည်းပညာ ဒစ်ဂျစ်တယ်ခေတ်သို့ ရောက်ရှိလာသည်နှင့်အမျှ မီဒီယာ ဆိုင်ရာအသုံးပြုမှု၊ သတင်းအချက်အလက်ဆိုင်ရာ စိစစ်သုံးသပ်ရှုမြင်မှုတို့တွင်လည်း အတွေးအခေါ် အသိပညာမြှင့်တင်ပေးရန် လိုအပ်လျက်ရှိရာ ပညာရေးတွင် ထည့်သွင်းရေးဆွဲ ပညာပေးသင့် ပါသည်။

 သို့မှသာ ကျွန်ုပ်တို့၏ နောင်လာနောက်သားများက ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော အသိပညာ၊ အတတ်ပညာများဖြင့် မိမိကိုယ်ကို၊ မိမိနိုင်ငံကို ကမ္ဘာ့ရင်ခွင်တွင် ဂုဏ်တင်နိုင်မည်ဖြစ်သည်။ ပညာရေးသည် ဆင်းရဲနွမ်းပါးမှုကိုတိုက်ဖျက်ရန်၊ လူတန်းစား ကွာဟချက်ကို လျှော့ချရန် အထိရောက်ဆုံးသော လက်နက်ကြီးတစ်ခုလည်းဖြစ်သည်။ ပညာရေးသည် လူတစ်ဦးချင်းစီအား မိမိ၏ဘဝကို ပြန်လည်ပုံဖော်ခွင့်၊ လူမှုအသိုင်းအဝိုင်းအတွင်း တက်ကြွစွာ ပါဝင်ခွင့်နှင့် နိုင်ငံဖွံ့ဖြိုးရေးတွင် အကျိုးပြုခွင့်များကို ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် "နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့" ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြုကာ ပညာရေးတိုးတက်ရေးအတွက် နိုင်ငံသားတိုင်း၊ အဖွဲ့အစည်းတိုင်းက မိမိတတ်စွမ်းသလို ဝိုင်းဝန်းကြိုးပမ်းကြပါစို့။

နိုင်ငံ၏အနာဂတ်အတွက် အမြတ်အစွန်း အများဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်

ပညာတတ်သော မျိုးဆက်သစ်လူငယ်များသည် မြန်မာ့အနာဂတ်ကို စီမံခန့်ခွဲမည့် ခေါင်းဆောင် ကောင်းများ၊ နိုင်ငံသားကောင်းများ ဖြစ်လာကြမည်မှာ မလွဲဧကန်ပင်ဖြစ်ပေသည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံ၏အနာဂတ်အတွက် အမြတ်အစွန်း အများဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်း သတိရလျက် ပညာရေးကို နိုင်ငံတော်၏ ဦးစားပေးကဏ္ဍအဖြစ်သတ်မှတ်ကာ အားလုံး ညီညွတ်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြ ရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ လူဦးရေ၏ ကြီးမား သော အချိုးအစားတစ်ခုမှာ ကျေးလက်နေလူတန်း စားများဖြစ်ပြီး လယ်ယာကဏ္ဍနှင့် အဓိက အသက် မွေးဝမ်းကျောင်းပြုကြသူများဖြစ်ပါသည်။ စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည့်အပြင် နိုင်ငံ့စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပပို့ကုန်ရရှိရေး တို့အတွက်လည်း ဤကဏ္ဍသည် အလွန်အရေးကြီးပါသည်။ သို့ရာတွင် ရာသီဥတုပြောင်းလဲမှု၊ ဈေးကွက်ယှဉ်ပြိုင်မှု၊ ခေတ်မီနည်းစနစ်များ ချို့တဲ့မှု စသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ ထို စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် လယ်ယာ ကဏ္ဍကို ခေတ်မီစိုက်ပျိုးရေးဆိုင်ရာနည်းပညာများဖြင့် ပေါင်းစပ်ဆောင်ရွက်ရန်နှင့် စီးပွားရေး ကဏ္ဍအဖြစ် ပြောင်းလဲတည်ဆောက်နိုင်ရန်အတွက် ပညာရေးသည် သော့ချက်ကျသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။

သိပ္ပံနှင့်နည်းပညာကို အခြေခံ၍ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာလုပ်ကိုင်

စိုက်ပျိုးရေးပညာသည် သိပ္ပံနှင့်နည်းပညာကို အခြေခံ၍ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရန် လမ်းညွှန်ပေးသော ဘာသာရပ်ဖြစ် သည့်အပြင် နိုင်ငံ၏သဘာဝပတ်ဝန်းကျင်အရင်းအမြစ်များဖြစ်သော ရေ၊ မြေ၊ ရာသီ၊ ဇီဝသက်ရှိများ ဖြင့် ပေါင်းစပ်တည်ရှိနေပြီး ယင်းတို့ကို ရေရှည် တည်တံ့ခိုင်မြဲအောင် အသုံးချနိုင်ရန် လိုအပ်လှပါ သည်။ သို့ဖြစ်၍ မျိုးကောင်းမျိုးသန့်များ ရွေးချယ် ခြင်း၊ မြေဆီလွှာသိပ္ပံ၊ ရေသွင်းရေထုတ်နည်းစနစ်၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း အစရှိသည် တို့သည် စိုက်ပျိုးရေးပညာ၏ အခြေခံအကြောင်း အရာများဖြစ်ကြသည်။ ဤပညာရပ်များကို လက်တွေ့လယ်ယာမြေတွင် အသုံးချနိုင်မှသာ ကုန်ကျစရိတ်သက်သာပြီး အထွက်နှုန်းနှင့် အရည် အသွေးမြင့်မားသော ထုတ်ကုန်များကို ရရှိနိုင်မည် ဖြစ်ပါသည်။ သို့ပါ၍ ခေတ်သစ်စိုက်ပျိုးရေး တွင် နည်းပညာသည် မရှိမဖြစ် လိုအပ်လာပါသည်။

(က)    စက်မှုလယ်ယာ - တရုတ်၊ ထိုင်းစသည့် နိုင်ငံများတွင် စက်ကိရိယာများဖြင့် လယ်ယာ လုပ်ငန်းဆောင်တာများကို အစားထိုးလုပ်ကိုင်လျက်ရှိရာ အချိန်ကုန်သက်သာပြီး လုပ်အားချွေတာနိုင် သည်။

(ခ)     အိုင်တီနည်းပညာ - မိုးလေဝသအချက် အလက်များ၊ ဈေးကွက်အချက်အလက်များ၊ မြေဆီလွှာအခြေအနေများကို စမတ်ဖုန်းများမှတစ်ဆင့် ချက်ချင်းရယူနိုင်ခြင်းသည် လယ်သမားများ၏ ဆုံးဖြတ်ချက်ချမှတ်မှုကို ပိုမိုမှန်ကန်စေပါသည်။

(ဂ)     ဇီဝနည်းပညာ - ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းမြင့်မားသောမျိုးစေ့များ မွေးမြူခြင်း သည် စားရေရိက္ခာဖူလုံရေးအတွက် အထောက်အကူ ပြုသည်။

(ဃ)    ဈေးကွက်နည်းပညာ - စိုက်ပျိုးရေး ထုတ်ကုန်များကို ဈေးကွက်ဝင် အဆင့်မြင့်စားသုံး ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးနှင့် ကုန်ကြမ်းအဆင့်မှသည် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရေးအတွက် ဈေးကွက်ဖော်ဆောင်ရန်မှာလည်း အရေးကြီးပါသည်။

ဤနည်းပညာများကို ထိရောက်စွာ အသုံးချနိုင်ရန်မှာ လယ်သမားများသာမက စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူများ အားလုံးအပေါ် လေ့ကျင့်ပညာပေးနိုင်မှုအပေါ် မူတည်နေပါသည်။

ယနေ့ကမ္ဘာ့နိုင်ငံအားလုံးသည် စားရေရိက္ခာဖူလုံရေးကို မရှိမဖြစ် အခြေခံဆောင်ရွက်ကြသည်ဖြစ်ပြီး အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပညာတတ် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စားသုံးမှုဖူလုံစေရန် သဘာဝအရင်းအမြစ်များမှ ဘေးကင်းလုံခြုံစိတ်ချရသော စားရေရိက္ခာများ ထုတ်လုပ်နိုင်ရေးသည် အဓိကလုပ်ငန်းမဏ္ဍိုင်ပင် ဖြစ်ပါသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးတွင် အဓိကကျသောကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအကျဉ်းအား ဖော်ပြရမည်ဆိုပါက-

(၁)     သုတေသနပညာရှင်များမွေးထုတ်ခြင်း - ဌာနတွင်း သုတေသနပညာရှင်များ၏ စွမ်းရည်မြှင့်တင် ရေးသင်တန်းများ ပို့ချပေးခြင်း၊ နိုင်ငံတကာ သုတေသန ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဗဟုသုတများ ဖလှယ်ခြင်း၊

(၂)      တောင်သူနှင့် စိုက်ပျိုးရေးတိုးချဲ့ပညာပေး ဝန်ထမ်းများအတွက် လက်တွေ့ပညာပေးလုပ်ငန်း များ - သုတေသနရလဒ်သစ်များ (ဥပမာ- မျိုးသစ် များ၊ နည်းပညာသစ်များ)ကို တောင်သူများထံသို့ ပြန့်ပွားရောက်ရှိစေရန် ကွင်းဆင်းပြသခြင်း၊ သင်တန်းပေးခြင်း၊ နမူနာစိုက်ခင်းများတည်ဆောက်ခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ သုတေသနပညာရပ်များကို စိုက်ပျိုးရေးပညာရှင်များသို့ လက်ဆင့်ကမ်းဖြန့်ဝေခြင်း၊

(၃)     စိုက်ပျိုးရေးဆိုင်ရာ ဦးစားပေးစီမံကိန်းများ- ကျေးလက်လူငယ်များ၊ လယ်သမားအဖွဲ့အစည်းများသာမက စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ပါဝင်ပတ်သက်သူများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်သည့် စိုက်ပျိုးရေး သုတေသန လုပ်ငန်းများ (မြေ၊ ရေ၊ မျိုး၊ ပိုးမွှား၊ ရောဂါ၊ ရိတ်သိမ်း ချိန်လွန်၊ အစားအစာသုတေသန)ဆောင်ရွက်ခြင်း၊ အဆိုပါနည်းပညာများ လက်တွေ့သင်ကြားပေး သောစီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊

(၄)     ပညာပေးစာစောင်များ၊ လမ်းညွှန်စာအုပ် များထုတ်ဝေခြင်း - လွယ်ကူရှင်းလင်းသော ဘာသာ စကားဖြင့် ရေးသားထားသည့် ပညာပေးစာစောင်များကို တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများထံ ဖြန့်ဝေပေးခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး စိုက်ပျိုးတောင်သူ၊ ပုဂ္ဂလိက၊ အစိုးရနှင့် စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့အစည်းအသီးသီးဖြင့် စိုက်ပျိုးမွေးမြူရေးလယ်ယာကဏ္ဍအား တစ်တပ်တစ်အား ပူးပေါင်းဆောင်ရွက်အကျိုးပြုလျက်ရှိပါကြောင်း သတင်းကောင်းပါးလိုပါသည်။

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးသည် ပညာ ရေး၏ အုတ်မြစ်ပေါ်တွင် တည်ဆောက်ရမည်ဖြစ် သည်။ လယ်ယာကဏ္ဍသည် ကျွန်ုပ်တို့နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသော ကဏ္ဍတစ်ခုဖြစ်ရာ ဤကဏ္ဍကို ခေတ်မီဖွံ့ဖြိုးသော ကဏ္ဍအဖြစ်သို့ ရောက်ရှိစေရန်အတွက် စိုက်ပျိုးရေးပညာနှင့် နည်းပညာများကို အခြေခံသော ပညာရေးစနစ်ဖြင့် လူ့စွမ်းအားအရင်း အမြစ်ကို မြှင့်တင်ပေးရန် လိုအပ်ပါသည်။ စိုက်ပျိုး ရေး သုတေသနဦးစီးဌာနအပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီး၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး ရေး ဆောင်ရွက်ချက်များသည် ဤရည်မှန်းချက် အောင်မြင်ရေးအတွက် အရေးပါသော ခြေလှမ်း များပင် ဖြစ်ပါသည်။ သို့ဖြစ်ရာ “နိုင်ငံတော် ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဆိုသော ဆောင်ပုဒ်အတိုင်း ပညာရေးကို ဗဟိုပြုသော ဖွံ့ဖြိုးရေးမူဝါဒများဖြင့် အနာဂတ်နိုင်ငံတော်ကို ခိုင်မာစွာတည်ဆောက်ကြရန် တိုက်တွန်းလိုက်ရပါသည်။ ။