နေပြည်တော်    အောက်တိုဘာ   ၂၉

 ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ  အမျိုးသားဘောလုံးပြိုင်ပွဲ၏ အကြိုဗိုလ်လုပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌  ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့ ညနေပိုင်းတွင် အကြိုဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် အုပ်စု(က)မှ အုပ်စုပထမဖြစ်သည့် ရန်ကုန်ဇုန်(က) အသင်းနှင့် အုပ်စု(ခ)မှ အုပ်စုဒုတိယဖြစ်သည့် ရန်ကုန်ဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

အကြိုဗိုလ်လုပွဲသို့  ပညာရေးဝန်ကြီးဌာနရှိ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်   ပြိုင်ပွဲဝင်အားကစားသမားများ၊   နည်းပြ၊ အုပ်ချုပ်သူများနှင့် ပညာရေးဝန်ကြီးဌာနရှိ   ဦးစီးဌာနများမှ   ဝန်ထမ်းများ၊   မိသားစုများ   လာရောက်ကြည့်ရှုအားပေးကြသည်။

အဆိုပါ ရန်ကုန်ဇုန်(က)အသင်းနှင့်   ရန်ကုန်ဇုန်(ခ) အသင်းတို့ ယှဉ်ပြိုင်ကစားကြရာတွင် ရန်ကုန် ဇုန်(က)အသင်းက တစ်ဂိုး -ဂိုးမရှိဖြင့်   အနိုင်ရရှိပြီး   ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်ကို အောက်တိုဘာ ၃၀ ရက် ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် အုပ်စု(က)မှ အုပ်စုဒုတိယဖြစ်သည့် မန္တလေးဇုန်(ခ) အသင်းနှင့် အုပ်စု(ခ)မှ  အုပ်စုပထမဖြစ်သည့် မန္တလေးဇုန်(က) အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အနိုင်ရရှိသည့်အသင်းက ဗိုလ်လုပွဲသို့ တက်ရောက်မည်ဖြစ်သည်။

ဗဟိုအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ နေပြည်တော်တွင်     အားကစားသမားများ၊   အုပ်ချုပ်သူ၊   နည်းပြ စုစုပေါင်း ၁၂၅ ဦးဖြင့် ပါဝင် ယှဉ်ပြိုင်လျက်ရှိသည်။ 

ယခုပြိုင်ပွဲများမှတစ်ဆင့် ထူးချွန်ထက်မြက်သော အားကစားသမားများကို  ပညာရေးဝန်ကြီးဌာန လက်ရွေးစင်အဖြစ်ရွေးချယ်ပြီး အရှေ့တောင်အာရှတက္ကသိုလ်များ အားကစားပြိုင်ပွဲတို့တွင် ဆက်လက်ယှဉ်ပြိုင်နိုင်ရေးရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ပညာရေးဒီဂရီကောလိပ်များသည် လေးနှစ်သင်သင်တန်းဖြစ်သည့်အတွက် ကျောင်းသား ကျောင်းသူများအား  အားကစားထူးချွန်စေရန် စနစ်တကျလေ့ကျင့်ပျိုးထောင်သည့်  အခွင့်အလမ်းရှိပြီး ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများမှတစ်ဆင့် နိုင်ငံတော်အတွက် အားထားရသော မျိုးဆက်သစ်အားကစားသမားများကိုလေ့ကျင့်ပြုစုပျိုးထောင်၍ မွေးထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်