ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ဖြေဆိုနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၈ မတ် 


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ဆွာ) စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့(သင်္ချာဘာသာ) ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။


ပြည်ထောင်စုဝန်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများ စနစ်တကျ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် မှာကြားသည်။


အလားတူ ပြည်ထောင်စုဝန်ကြီးသည် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(သာဂရ) စာစစ်ဌာန၊ အခြေခံပညာအထက်တန်းကျောင်း(မြို့လှ) စာစစ်ဌာန၊ အခြေခံပညာ အထက်တန်းကျောင်း(ရေနီ) စာစစ်ဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (သပြေပင်) စာစစ်ဌာန၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၉) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆို နေမှုများနှင့် စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

mdn


တက္ကသိုလ်ဝင်စာမေးပွဲတတိယနေ့ သင်္ချာဘာသာရပ်အား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်းစာစစ်ဌာန (၁၈၆၅)ခုနှင့် နိုင်ငံခြားစာစစ်ဌာန(၂၁)ခု၊ စာစစ်ဌာန စုစုပေါင်း (၁၈၈၆)ခုတွင်  စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၈၉၇၉၉၄)ဦး စာရင်းပေးသွင်းကြပြီး (၈၅၀၅၅၀)ဦးအေးချမ်းစွာ ဝင်ရောက်ဖြေဆိုကြသည်။ 


နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာန စုစုပေါင်း(၅၀)ခု၌ စာမေးပွဲဖြေဆိုရန် စုစုပေါင်း(၂၆၁၂၃)ဦး စာရင်းပေးသွင်းကြပြီး (၂၄၇၉၇) ဦး ဝင်ရောက်ဖြေဆိုကြသည်။


ရန်ကုန်ပြည်သူ့ဆေးရုံကြီး စာစစ်ဌာနတွင်(၈)ဦး၊ မြောက်ဥက္ကလာပဆေးရုံတွင် (၁၀)ဦးဖြေဆိုသည်။ 


အင်းစိန်အကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်၊ ကသာအကျဉ်းထောင်၊ မုံရွာအကျဉ်းထောင်၊ ဘားအံအကျဉ်းထောင်၊ မြိတ်အကျဉ်းထောင်၊ တောင်ငူအကျဉ်းထောင်၊ သရက်အကျဉ်းထောင်နှင့် လွိုင်ကော်အကျဉ်းထောင်တို့တွင် အချုပ်ကျ စာဖြေဆိုသူ စုစုပေါင်း (၁၈၂)ဦးဖြေဆိုသည်။


ကချင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အမြင်အာရုံမသန်စွမ်းသူ (၂၄)ဦးနှင့် အကြားအာရုံ မသန်စွမ်းသူ (၁၅)ဦး ဖြေဆိုကြကြောင်း သတင်းရရှိသည်။


(သတင်းစဉ်)