ရန်ကုန် ၂၈ ဖေဖော်ဝါရီ 

 

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်၊ ပြည်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပြည်မြို့နယ် လမ်းရှည်လမ်းရှိ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းခန်းမ၌ ကျင်းပသည်။

 

အဆိုပါဖွဲ့စည်းခြင်းအခမ်းအနားတွင် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မြင့်နှင့် ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အတွင်းရေးမှူး ဦးဌေးမိုးနှင့် ဗဟိုအလုပ်အမှုဆောင်တို့က စားသုံးဆီဖူလုံရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး၊ ဆီထွက်သီးနှံတိုးချဲ့ စိုက်ပျိုးရေးတို့နှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

ထို့နောက် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဥက္ကဋ္ဌ ဦးရဲဝင်းအောင်၊ အတွင်းရေးမှူး ဒေါက်တာ နေလင်းအောင်(ခ)ကိုပြည့်နှင့် အလုပ်အမှုဆောင်(၂၅)ဦးတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက အမှတ်တရလက်ဆောင်များ ပေးအပ်သည်။

 

(သတင်းစဉ်)