နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို တာဝန်ယူထားသည့်ကာလအတွင်း နိုင်ငံတည်ငြိမ်အေးချမ်းစေရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ကြိုးပမ်း ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများ တိုးတက် စေရေး၊ လူတိုင်းကျန်းမာရေး ကောင်းမွန်စေရေး၊ ပညာရေးကောင်းမွန်ပြီး အလုပ် အကိုင်အခွင့်အလမ်းများရရှိကာ လူတိုင်းဝင်ငွေရရှိစေရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးတို့ကို ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

 

တိုင်းရင်းသားပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝများ တိုးတက်လာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်လာစေရေးကို သက်ဆိုင်ရာနယ်ပယ်များအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အားလုံးလွှမ်းခြုံမိစေရန် ရည်မှန်းချက်များချမှတ်ပြီး အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ (Agro-based industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး” ဟူသည့် ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်တွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော၊ စိုက်ပျိုးမွေးမြူရေးနှင့်ဆက်စပ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အများစုလုပ်ကိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်း များကိုဆောင်ရွက်ရာတွင် သမားရိုးကျဆောင်ရွက်ခြင်းမှသည် ခေတ်မီတိုးတက် သည့် စက်မှုကဏ္ဍဖြင့် ဆောင်ရွက်မှသာလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝများကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ပုဂ္ဂလိကကဏ္ဍတွင် ကုန်ထုတ်လုပ်ငန်းများကို အဆင့်မြင့်စက်မှုကဏ္ဍအဖြစ် ပြောင်းလဲရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်ရမည်ဖြစ်သည်။

 

အဆိုပါလုပ်ငန်းများကို စက်မှုကဏ္ဍမြှင့်တင်၍လည်းကောင်း၊ နည်းပညာနှင့် ပေါင်းစပ်၍လည်းကောင်း တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်မည်ဆိုပါက ပိုမိုအကျိုးရှိပြီး နိုင်ငံ့စီးပွားရေး ပိုမိုတိုးတက်စေမည်ဖြစ်သည်။ ဒေသအလိုက် အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများကို မြို့ကြီးများတွင်သာမက အစွန်အဖျား ဒေသများပါမကျန် အကြားအလပ်မရှိအောင် ဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား ပြည်သူများ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားမြင့်မားရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ပါက စီးပွားရေးနှင့်ဆက်စပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးတိုးတက်ရေး စသည့်လုပ်ငန်းကဏ္ဍအသီးသီးကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြင့်မားရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် နိုင်ငံနှင့် လူမျိုးအားလုံး ကြုံတွေ့လာနိုင်သည့် အခက်အခဲများ၊ အကျပ်အတည်းများ၊ စိန်ခေါ်မှုများကို တိုင်းရင်းသားပြည်သူများ၏ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ဖြင့် လက်တွဲညီညီ ပူးပေါင်းရင်ဆိုင်ကျော်လွှားနိုင်မည်ဟု ယုံကြည်ထားသည်။ လက်ရှိတွင်လည်း ပြည်သူများက နိုင်ငံတော်နှင့် လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ခြင်းကြောင့် အောင်မြင်မှုများ အတိုင်းအတာတစ်ခုအထိ ရရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။

 

အောင်မြင်မှုများ ယခုထက်ပိုမိုရရှိပြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုတက်သည့် ဒေသများဖြစ်လာစေရေးအတွက် ဒေသအလိုက် နေထိုင်ကြသော တိုင်းရင်းသား ပြည်သူအားလုံးက မိမိအကျိုး၊ ဒေသအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ကျရာကဏ္ဍအလိုက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှသာ ပြည်သူများ၏ လူမှုစီးပွားဘဝများလည်း လိုက်ပါဖွံ့ဖြိုးလာမည်ဖြစ်၍ စီးပွားရေး တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်လာအောင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားမြင့်မားရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုစွမ်းအားများ မြင့်မားတိုးတက်လာအောင် အားပေးမြှင့်တင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

ယနေ့အချိန်ကာလတွင် တိုင်းရင်းသားပြည်သူများ လိုလားတောင့်တသော စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးအဖြစ် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ကြုံတွေ့လာနိုင်သည့် အခက်အခဲများကို ကျော်လွှား နိုင်ရေးနှင့် ခံနိုင်ရည်ရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ် လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေးကို တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ရည်မှန်းချက်များ ချမှတ်အကောင်အထည်ဖော်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။  ။