ကောင်းသန့်
၂၀၁၉ ခုနှစ် ဧပြီ ၇ ရက်(တနင်္ဂနွေနေ့) မွန်းလွဲ ၁ နာရီ တွင် ပြည်လမ်းစိန်ရတုခန်းမ၌ ပြည်သူ့နီတိစကားဝိုင်း ကျင်းပခဲ့ပါသည်။ ထိုစကားဝိုင်းကို အဆင့်မြင့်ပညာဦးစီးဌာန မြန်မာစာရေးဆရာကလပ်နှင့် ရွိုင်ရယ်မြန်မာတီးမစ် တို့က ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပါသည်။
ဆွေးနွေးကြသူများ
ထိုစကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူက စာရေး ဆရာ ဒါရိုက်တာမင်းခိုက်စိုးစန်ဖြစ်ပြီး ရုပ်ရှင်သရုပ် ဆောင် နေမင်း၊ အဆိုတော်ဇော်ဝင်းထွဋ်၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဆရာထင်လင်းဦးနှင့် ဆရာမောင်သာချို တို့က ဆွေးနွေးကြပါသည်။အခမ်းအနားမှူးအဖြစ် ဆရာမနှင်းဝေငြိမ်းနှင့် ဆရာမာန်(တောင်လုံးပြန်) တို့က ဆောင်ရွက်ကြပါသည်။
တက်ရောက်ကြသူများ
ပြည်သူ့နီတိစကားဝိုင်းကို အခြေခံပညာ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် မြို့နယ်ပညာရေးမှူးများ၊ မြို့နယ် ၄၃ မြို့နယ်မှ ထက်/လယ်/ မူ ဆရာ ဆရာမ ၅၀၀ ကျော် တက်ရောက်အားပေးခဲ့ကြပါသည်။
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက် ချုပ်၊ ကင်းထောက်မှူးချုပ်၊ ကင်းထောက်မှူးကြီးနှင့် ကင်းထောက်မောင်မယ် ၁၅၀ ကျော် တက်ရောက် ကြပါသည်။
စာပေနှင့်ပတ်သက်သောအဖွဲ့အစည်း ၁၁ ခုမှ စာရေးဆရာများ၊ စာပေဝါသနာရှင်များ၊ ပရဟိတအဖွဲ့ အစည်းများမှ လူငယ်ကျောင်းသား ၃၀၀ ကျော် တက်ရောက်နားထောင်ကြပါသည်။
အခြားဖိတ်ကြားထားသော ဧည့်သည် ၁၀၀ ကျော် တက်ရောက်ခဲ့ကြသဖြင့် ခန်းမကြီးတစ်ခုလုံး ပြည့်လျှံပြီး ထိုင်စရာ ခုံမရှိတော့၍ ခန်းမနောက်က စင်မြင့်များပေါ် တွင် နေရာယူကြရပါသည်။
ပြည်သူ့နီတိစကားဝိုင်း
လူပေါင်းထောင်ကျော် တက်ရောက်အားပေးခဲ့ကြ သော်လည်း တစ်ယောက်တစ်ပေါက်နှင့် ပြောဆိုနေ သော ဆူညံသံများ မကြားရပါ။ အမှိုက်ပုံးများ ထားပေး သဖြင့် ကျွေးမွေးဧည့်ခံသော မုန့်ဘူးများကို အမှိုက်ပုံး များတွင် စနစ်တကျစွန့်ပစ်ခဲ့ကြသည်။ တယ်လီဖုန်း မြည်သံ၊ တယ်လီဖုန်းပြောဆိုနေသံလည်း မကြားရသည့် တကယ့်ပီပြင်သည့် ပြည်သူ့နီတိစကားဝိုင်းပွဲ ဖြစ်ပါသည်။
ဤခန်းမတွင်းသို့ ရောက်ရှိနေကြသူများသည် ပြည်သူ့နီတိကိုသိပြီး ပြည်သူ့နီတိကို လက်တွေ့ကျင့်သုံး သွားကြသော မြန်မာနိုင်ငံသားများ ဖြစ်ကြပါသည်။မိန့်ခွန်းပြောကြားသွားသည့် ရန်ကုန်တိုင်းဒေသ ကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာစာရေးဆရာ ကလပ် ဒုတိယဥက္ကဋ္ဌ (၁) ဆရာမစမ်းစမ်းနွဲ့ (သာယာ ၀တီ)တို့ကလည်း ငယ်ငယ်က ကင်းထောက်လုပ်ခဲ့ကြပြီး ပြည်သူ့နီတိနှင့် ယဉ်ပါးခဲ့ကြောင်း ပြောကြားသွားခဲ့သည်။
ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ကျွန်တော်နှင့် ပြည်သူ့နီတိခေါင်းစဉ်တပ်ပြီး ပြောခဲ့ပါ သည်။ ရန်ကုန်တွင် ပြည်သူ့နီတိလိုအပ်ပုံ၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ပြည်သူ့နီတိရေးဖြေပြိုင်ပွဲ ကျင်းပခဲ့ပုံ အကြောင်း ပြောဆိုပြီး နောင်တွင်လည်း ပြည်သူ့နီတိ ရေးဖြေပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့၏။
စကားဝိုင်းစတင်
စကားဝိုင်းကို ဆရာမင်းခိုက်စိုးစန်က ရုပ်ရှင်သရုပ် ဆောင် နေမင်းနှင့် စခဲ့၏။
ညီလေး ငယ်ငယ်က ပြည်သူ့နီတိ ချိုးဖောက်ခဲ့ဖူး သလား။
ဟုတ်ကဲ့ ချိုးဖောက်ခဲ့ဖူးပါတယ်။
ဘာတွေ ချိုးဖောက်ခဲ့ဖူးလဲ။
စာမေးပွဲမှာ စာခိုးချခဲ့ဖူးပါတယ်။ ကျောင်းလည်း ပြေးဖူးပါတယ်။
အဲဒီတုန်းကတော့ ကျောင်းသားတွေရဲ့ လုပ်ရိုး လုပ်စဉ်ထင်ပြီး လုပ်ခဲ့မိတာပါ။
ညီလေး အတင်းကော ပြောဖူးလား။
ပြောဖူးပါတယ်။ အဲဒီလိုပြောဖူးတဲ့အတွက် နောင်တ ရပါတယ်။ တချို့ကိစ္စတွေက ဥပဒေပြဋ္ဌာန်းထားပြီး မလိုက်နာရင် ပြစ်ဒဏ်ကျခံရပါတယ်။ တချို့ကိစ္စတွေက ဥပဒေပြဋ္ဌာန်းမထားပေမယ့် ကျင့်ဝတ်စည်းကမ်းတွေ ရှိပါတယ်။ အဲဒီကျင့်ဝတ်စည်းကမ်းတွေ ချိုးဖောက်ရင် လူ့အဖွဲ့အစည်းကပေးတဲ့ မမြင်ရတဲ့ ပြစ်ဒဏ်တွေကို ခံစား ရပါတယ်။ အဲဒီပြစ်ဒဏ်က ပိုဆိုးပါတယ်။ ဥပဒေ မလိုက်နာ လို့ပေးတဲ့ပြစ်ဒဏ်ကိုကျခံပြီးရင် အဲဒီအပြစ်က လွတ်မြောက်သွားပါတယ်။
လူ့အဖွဲ့အစည်းကပေးတဲ့ပြစ်ဒဏ်
လူ့အဖွဲ့အစည်းကပေးတဲ့ မမြင်ရတဲ့ ပြစ်ဒဏ်ကတော့ ဘယ်အချိန်လွတ်မယ်မှန်းမသိဘဲ တနုံ့နုံ့ ခံစားရပါတယ်။
နေမင်း၏စကားသံက သူ့ကိုယ်တွေ့ကို ပြောပြသလို နားထောင်ရသူတွေ ခံစားရပါသည်။
ဆရာမောင်သာချိုက ပြည်သူ့နီတိကို နိုင်ငံတကာမှာ ကျင့်သုံးနေမှုတွေ ပြောဆိုသွားပြီး မြန်မာနိုင်ငံနှင့် ဘာကွာ သလဲ ဆန်းစစ်ပြသွားပါသည်။
ပြည်သူ့နီတိစည်းမျဉ်း၊ စည်းကမ်းတွေရှိ
ပြည်သူ့နီတိစည်းမျဉ်း၊ စည်းကမ်းတွေက နိုင်ငံတကာ မှာရှိသလို မြန်မာနိုင်ငံမှာလည်း ရှိပါတယ်။ သူတို့နိုင်ငံ တွေက လက်တွေ့လိုက်နာကျင့်သုံးနေကြပေမယ့် ကျွန်တော်တို့နိုင်ငံက လိုက်နာကျင့်သုံးခြင်း မရှိပါဘူး။ ဘာကွာသလဲဆိုတော့ လုပ်တာနဲ့ မလုပ်တာဘဲ ကွာပါတယ်။
အပြန်အလှန်ဆွေးနွေး
ဆရာမသန်းမြင့်အောင်ကလည်း ရန်ကုန်မြို့အမှိုက် ပြဿနာဖြေရှင်းနည်းတွေကို ပြောပြပြီး ကျောင်းတွေမှာ အမှိုက်မပစ်အောင် စည်းရုံးဟောပြောနေကြောင်း ပြောပြ သွားခဲ့၏။
ဆရာထင်လင်းဦးက ပြည်သူ့နီတိဆိုတာ ဘာလဲ၊ ပြည်သူ့နီတိလို့ပြောရင် ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုသာမက နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်နှင့် တာဝန်၊ နိုင်ငံ့သား ကောင်းဖြစ်ရေး၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းသည့် လူ့အဖွဲ့ အစည်းတည်ဆောက်ရေး၊ သဘာ၀ပတ်ဝန်းကျင် ချစ်ခင် မြတ်နိုးတန်ဖိုးထား စောင့်ရှောက်ကာကွယ်ရေးအထိ ပါဝင်သည့်အကြောင်း ပြောပြသွားသည်။
နိုင်ငံကျော်အဆိုတော် ဇော်ဝင်းထွဋ်ကို ဆရာ မင်းခိုက်စိုးစန်က မေးသည်။
အစ်ကို ပြည်သူ့နီတိမသိတဲ့ လူတွေနဲ့တွေ့ကြုံခံစား ခဲ့ရဖူးသလား။
ခံစားခဲ့ဖူးတာပေါ့။ အိမ်ကထွက်လိုက်တာနဲ့ ပြည်သူ့ နီတိ မသိတဲ့သူတွေနဲ့ တစ်နေကုန်တွေ့ကြုံခံစားပြီး စိတ် ပင်ပန်း လူပင်ပန်းဖြစ်ခဲ့ရပါတယ်တဲ့။
ထိုကဲ့သို့ ပြည်သူ့နီတိမသိသည့် လူများကြောင့် တွေ့ ကြုံခံစားသူတိုင်း စိတ်မသက်မသာဖြစ်ခဲ့ရသည်ကို လူတိုင်းအသိဖြစ်မည်ထင်ပါသည်။
ထို့ကြောင့် မြန်မာစာရေးဆရာကလပ်က မြန်မာ နိုင်ငံ ပြည်သူ့နီတိ ပြန့်ပွားထွန်းကားရေးကို တစိုက် မတ်မတ် လုပ်ကိုင်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
မြန်မာစာရေးဆရာကလပ်သည် ၂၀၁၈ ခုနှစ် ဇူလိုင်လမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအထိ အထက်တန်း ကျောင်းပေါင်း ၈၂ ကျောင်း၊ တက္ကသိုလ်ကောလိပ် သိပ္ပံပေါင်း ၄၉ ခုတွင် ပြည်သူ့နီတိအသိပညာပေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါသည်။
ချစ်ဦးညို၊ စမ်းစမ်းနွဲ့ (သာယာ၀တီ)၊ ဂျူး၊ မောင်သာချို၊ မောင်စိန်ဝင်း (ပုတီးကုံး)၊ အကြည်တော်၊ ညီမင်းညို၊ ဦးဘုန်း(ဓာတု)၊ မာန်(တောင်လုံးပြန်)၊ သရဝဏ် (ပြည်)၊ ထင်လင်ဦး၊ မင်းခိုက်စိုးစန် အစရှိသည့် စာရေးဆရာပေါင်း ၃၀ ကျော်က လိုက်လံဟောပြော ခဲ့ကြပါသည်။
အထူးကျေးဇူးတင်
ပြည်သူ့နီတိဟောပြောပွဲများကို ပါဝင်ကူညီစီစဉ်ပေး ခဲ့သော ပညာရေးဝန်ကြီးဌာနနှင့် ပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်အတွက် သတင်းထုတ်ပြန်ပေးသော ပြန်ကြားရေးဝန်ကြီးဌာနအား မြန်မာစာရေးဆရာကလပ် က အထူးကျေးဇူးတင်ရှိပါသည်။
ပြည်သူ့နီတိပြန့်ပွားထွန်းကားရေးအတွက် မြန်မာ စာရေးဆရာကလပ်ကို အဘက်ဘက်မှ ပါဝင်ကူညီပံ့ပိုး ပေးပါသော ရွိုင်ရယ်မြန်မာတီးမစ်မိသားစုကို အထူး ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ရှေ့ဆက်ပြီး ပြည်သူ့နီတိ ဟောပြောပွဲများ၊ ပြည်သူ့ နီတိစကားဝိုင်းများ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ၊ စကား ရည်လုပွဲများ၊ လုပ်ငန်းဆွေးနွေးပွဲများ၊ ရေးဖြေပြိုင်ပွဲများ၊ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပြည်သူ့နီတိအသိပညာပေးလုပ်ငန်းကို စိတ်ပါဝင် စားသော ဘဏ်လုပ်ငန်းပိုင်ရှင်များ၊ MPT အစရှိသည့် မိုဘိုင်းအော်ပရေတာများ၊ စီးပွားရေးလုပ်ငန်းရှင်များ အား ပါဝင်ပူးပေါင်းကူညီနိုင်ပါကြောင်း ဖိတ်ခေါ်အပ် ပါသည်။
မည်သည့်အစိုးရတက်တက် မည်သည့်စနစ်ကိုပဲ အကောင်အထည်ဖော်ဖော် ပြည်သူများ၏ အသိဉာဏ် မဖွံ့ဖြိုး၊ မပြောင်းလဲပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေး ကြန့်ကြာမည်မှာ သေချာပါသည်။
တိုက်တွန်းနှိုးဆော်
ပြည်သူ့နီတိမသိသောသူများနှင့် နိစ္စဓူ၀ ဆက်ဆံ ပေါင်းသင်းနေရသော ဒုက္ခများမှ ကင်းဝေးလွတ်မြောက်ရန် အတွက်မြန်မာစာရေးဆရာကလပ်နှင့် ပူးပေါင်း၍ ပြည်သူ့ နီတိအသိပညာပေးလုပ်ငန်းကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။


