ရန်ကုန် ၁၂ ဖေဖော်ဝါရီ
ပြည်ထောင်စုနေ့တွင် ရန်ကုန်မြို့ ရှင်စောပုလမ်းဝင်ပေါက်အနီး ပြည်သူ့ရင်ပြင်၌ ပထမဆုံး မြန်မာ့ရိုးရာသနပ်ခါးပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ လာရောက်လေ့လာ သူများဖြင့်စည်ကားများပြားနေကြောင်း သိရသည်။
သနပ်ခါးပွဲတော်ကို နိုင်ငံကျော် အနုပညာရှင်များ၊ မြန်မာနိုင်ငံ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ပထမဆုံး ကျင်းပသော သနပ်ခါးပွဲတော်ဖြစ်သည်နှင့်အညီ ပြည်ထောင်စုနေ့ အလုပ်ပိတ်ရက် ဖြစ်၍ ပြည်သူများ အများအပြား လာရောက်လေ့လာကြပြီး သနပ်ခါးတုံးများကို လေ့လာ ခြင်း၊ သနပ်ခါးလိမ်းခြင်း၊နှစ်ချို့ သနပ်ခါးပင်ကြီးများအား လေ့လာခြင်း၊မြန်မာ့ ရိုးရာ ပုသိမ်ထီးပြကွက်များ၊ရိုးရာအသုံးအဆောင်ပစ္စည်းများဖြင့်အလှ ဓာတ်ပုံများရိုက်ကူးခြင်းတို့ဖြင့် စည်ကားများပြားနေကြောင်း သိရသည်။
" မြန်မာ့ရိုးရာသနပ်ခါးဆိုတာက ဟိုးရှေ့ခေတ်ဘုရင်လက်ထက် ကတည်းက သုံးစွဲလာတဲ့ အရာပါ။ မြန်မာပြည်မှာပဲ ထွက်တာပါ။ အခုအခါမှာ မြန်မာတွေရော ကမ္ဘာကပါ အမြတ်တနိုး တန်ဖိုးထားတဲ့ ကုန်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သနပ်ခါးပွဲတော်ကို အထက်မြန်မာပြည်မှာတော့ ကျင်းပဖူးပါတယ်။ ရန်ကုန်မြို့မှာတော့ ပထမဆုံးကျင်းပဖြစ်တာပေါ့။ဒီနေ့က ပြည်ထောင်စုနေ့ပိတ်ရက်လည်းဖြစ်တော့ လေ့လာသူအရမ်း များပြားနေပါတယ်။ လူထုအနေနဲ့ မြန်မာ့သနပ်ခါးကိုပိုမို ချစ်မြတ်နိုးပြီး လေ့လာလို့ရအောင် မြန်မာ့သနပ်ခါးဟာ အဖိုးတန် ရတနာတစ်ခုဆိုတာ သိရအောင်ကျင်းပတာပါ။ ဒီပွဲမှာနှစ်ချို့ပေါ့ နှစ်ပေါင်း ၄၀ လောက်ရှိတဲ့သနပ်ခါးအပင်ကြီး တွေ၊မြစ်ဆုံကြီးတွေ၊သနပ်ခါးအရွတ်တွေနဲ့ အမှုန့် တွေအပြင် သနပ်ခါးကနေ ထုတ်တဲ့ကုန်ပစ္စည်းမျိုးစုံလည်း ပါပါတယ်။ အဓိကကတော့ ပြည်သူလူထု သိဖို့ ထုတ်ဖော်ပြသပေးတာပါ။" ဟု မြန်မာ့သနပ်ခါးပွဲတော်ဦးစီးကျင်းပရေးကော်မတီမှ ကိုအောင်မြတ်ကပြောသည်။
မြန်မာ့သနပ်ခါးပွဲတော်တွင် မြန်မာနိုင်ငံ၏ သနပ်ခါးထွက်ရာဒေသများဖြစ်သော မြိုင်၊ အရာတော်၊ ရေစကြိုတို့မှ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၊ အထက် မြန်မာပြည်ရှိ သနပ်ခါးထွက်ရှိရာမြို့နယ်များမှ သနပ်ခါးအသင်းများ၊ သနပ်ခါးထုတ်လုပ်သူ လုပ်ငန်းရှင်များမှ ထုတ်လုပ်သော ရွှေဘို၊ ရှင်မတောင် သနပ်ခါးအမျိုးမျိုး၊ သနပ်ခါးကို အချောထုတ်ကာ ပြုလုပ်ခါးသော သနပ်ခါးအရည်၊ နှစ်ရှည် သနပ်ခါးတုံးများ၊ အမွှေးဆီ၊ နှင့်အခြားသနပ်ခါးထုတ်ကုန်အမျိုးမျိုးတို့ကို သနပ်ခါး အဖွဲ့အစည်းပေါင်း ၃၀ မှ လာရောက်ပြသရောင်းချကြောင်း သိရသည်။ ထိုမြန်မာ့သနပ်ခါးပွဲတော်ကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၇ ရက်နေ့အထိ (၆)ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)


