နေပြည်တော် ၂၆ ဖေဖော်ဝါရီ
ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲသည် မိမိတို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ရှေ့လာမည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတွက် အရေးကြီးသည် ဆိုသည်ကို အလေးအနက်ထားပြီး ပြောကြားလိုပါကြောင်း၊ ယခုကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲမှ အထွေထွေအုပ်ချုပ်ရေးကဏ္ဍအတွက် မည်ကဲ့သို့ပြုပြင် ပြောင်းလဲ မှုများ လုပ်ဆောင်သွားနိုင်မည်ဆိုသည့် အကြံပြုချက်များ ထွက်ပေါ်လာမည်ဖြစ်သည့်အတွက် ယခုကဲ့သို့ အရေးကြီးသည့် ပထမခြေလှမ်းကို အကြိုပြင်ဆင်ရေး အဆင့် တစ်ဆင့်အနေဖြင့် သတ်မှတ်နိုင်ပါကြောင်း။
မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒလုပ်ငန်းစဉ်များ ချမှတ်သည့် အထက်အဆင့်မှ အကောင်အထည်ဖော်သည့် အောက်ခြေအဆင့်အထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ အခန်းကဏ္ဍကို ခိုင်ခိုင်မာမာ ပါဝင်စေလိုပါ ကြောင်း၊ ကာယကံရှင်များ ကိုယ်တိုင် စိတ်ရောကိုယ်ပါ ပါဝင်နိုင်ခြင်းသည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အထူးအရေးကြီးသည်ဟု မိမိအနေ ဖြင့် ခံယူထားပါကြောင်း၊ အဘယ်ကြောင့် ဤမူဝါဒများ ဖြစ်ပေါ်လာရသည်၊ ချမှတ်လိုက်သည့် မူဝါဒနှင့် လုပ်ငန်းစဉ်များကို မည်ကဲ့သို့ စဉ်းစားပြီး ဆုံးဖြတ်ခဲ့သည်ဆိုသည်ကို လက်တွေ့အကောင်အထည်ဖော်ရမည့် ပုဂ္ဂိုလ်များ ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ကြေကြေညက်ညက် နားလည်သိမြင် သဘောပေါက်ထားပြီဆိုလျှင် မိမိတို့၏ လုပ်ငန်းစဉ် အောင်မြင်ရန် အလားအလာကောင်းများ များစွာ ရရှိသွားမည်ဖြစ်ပါကြောင်း၊ ဆွေးနွေးမည့်အချိန် လုံလောက်မှုရှိရမည်၊ တက်ရောက်ပါဝင်မည့်သူများအနေဖြင့် ကျေကျေလည်လည် ရှင်းရှင်းလင်းလင်း ရှိရမည်ဆိုသည့် ရည်ရွယ်ချက်နှင့် အလုပ်ရုံ ဆွေးနွေးပွဲကို သုံးရက်တာ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ဒုတိယအချက် အနေဖြင့် မိမိတို့၏ ပြုပြင်ပြောင်းရေးလုပ်ငန်းစဉ်များကို မည်သည့် အပေါ်တွင် အခြေခံပြီး ချမှတ်ကြမည်၊ မည်သည့်အတိုင်းအတာနှင့် ကဏ္ဍနယ်ပယ် မည်မျှအထိ ထည့်သွင်းကြမည်၊ မည်သည့်အရာများက ဦးစားပေးဖြစ်သင့်သည်၊ မည့်သည့်အရာများက ရေရှည်လုပ်ငန်းစဉ်ဖြစ်သင့်သည် စသည့် အချက်များကို မိမိတို့ အားလုံး စဉ်းစားသုံးသပ်ဆုံးဖြတ်ကြရန် လိုအပ်ပါကြောင်း။
အဓိကအားဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အနာဂတ် မျှော်မှန်းချက် (Vision) က မည်သို့ဖြစ်သင့်သည်၊ မိမိတို့ ဆက်ပြီး လျှောက်လှမ်းရမည်မှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်သည့်အတွက် နိုင်ငံရေးစနစ်၊ ပြည်ထောင်စု ဖွဲ့စည်းမှုနှင့် လိုက်လျောညီထွေဖြစ်မည့် အုပ်ချုပ်ရေးနစ်ကို မည်ကဲ့သို့ သတ်မှတ်ကြမည်ဆိုသည် ကိုလည်း ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အကြံပြုလိုသည်မှာ အုပ်ချုပ်မှု ကောင်းဟု ပြောကြသကဲ့သို့ ကောင်းမွန်သော အုပ်ချုပ်မှုဟုလည်း ခေါ်ကြသည့် Good Governance ဖြစ်ပေါ်လာရေးသည် မိမိတို့ဌာန၏ အနာဂတ် မျှော်မှန်းချက်(Vision) ဖြစ်သင့်သည်ဟု အဆိုပြုလိုပါကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဓိကလုပ်ငန်းတာဝန် (Mission) များက မည်သည့်အရာများဖြစ်သည်ဆိုရာတွင် လောလောဆယ်တွင် တရားဥပဒေစိုးမိုရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဟူ၍ လုပ်ငန်းတာဝန်ကြီး လေးရပ်သတ်မှတ်ထားပါကြောင်း၊ ပြန်လည်သုံးသပ်ကြည့်မည် ဆိုလျှင် အုပ်ချုပ်ရေးယန္တရားသည် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးဆောင်ရွက်ရမည်မှာ မှန်ပါကြောင်း၊ ဒုတိယအချက်ဖြစ်သည့် ရပ်ရွာအေးချမ်း သာယာရေးကိုလည်း ဦးစားပေးရမည် ဖြစ်ပါကြောင်း၊ ဤနေရာတွင် ဆွေးနွေးကြရန်မှာ တရားဥပဒေ စိုးမိုး ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးသည် မည်သို့ ကွာခြားသလဲဆိုသည် ဖြစ်ပါကြောင်း၊ ဥပမာ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့ကို အမှန်တကယ် လက်တွေ့လုပ်ဆောင် နေရသည့် အခြေအနေများနှင့် ချိန်ထိုးကြည့်လိုက်လျှင် တရား ဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးဆိုပြီး ပေါင်းလိုက်လျှင် သင့်မသင့် ဆိုသည်ကိုလည်း ဆွေးနွေးအကြံပြုပေးရန် လိုအပ်ပါကြောင်း။
နံပါတ် သုံးအချက် ဒေသဖွံ့ဖြိုးရေးသည် Regional Development ကို ရည်ညွှန်း ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးအနေဖြင့် မလုပ်မဖြစ် လုပ်ဆောင်ရမည့် ဦးစားပေး တာဝန်ကြီး တစ်ရပ် ဖြစ်ပါကြောင်း၊ နံပါတ်လေးအချက်ဖြစ်သည့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေး ဆိုသည့် အချက်နှင့် ပတ်သက်ပြီး မိမိတို့ လက်တွေ့ဆောင်ရွက်ပေးနေရသည့်အတိုင်း လူထုဗဟိုပြု ပြည်သူ့ရေးရာဝန်ဆောင်မှုများ ထိရောက်အောင် ဆောင်ရွက်ရေး၊ People Centric Effective Public Service ဆိုပြီး ပြင်ဆင်ရန် သင့်မသင့်ကိုလည်း ထည့်သွင်း ဆွေးနွေးပြီး အကြံပြုပေးရန် တိုက်တွန်းလိုပါကြောင်း၊ အဖွဲ့အစည်းများ၏ သဘော တရားအရ အနာဂတ်မျှော်မှန်းချက် Vision ၊ လုပ်ငန်းတာဝန် Mission များကို ချမှတ်ပြီး ဆောင်ရွက်ရာတွင် လိုက်လျောညီထွေဖြစ်မည့် အစုအဖွဲ့၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် လုပ်ငန်းလည်ပတ်မှုစနစ်များကို ဘက်ပေါင်းစုံ သုံးသပ်ရန် လိုအပ်ပါကြောင်း။
ချမှတ်လိုက်သည့် မျှော်မှန်းချက်အတိုင်း လိုက်နာကျင့်သုံးရမည့် အခြေခံမူများ သည် မည်သည့်အရာများဖြစ်သည်ဆိုသည်နှင့် ချမှတ်လိုက်သည့် မျှော်မှန်းချက်နှင့် လိုက်လျော ညီထွေဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး လုပ်နည်းများကို ပြန်လည်သုံးသပ်ရန်လည်း လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတိုင်း ကိုးကားဆောင်ရွက်ရမည့် ဝန်ထမ်း လက်စွဲများ ပြုစုရေးကိစ္စရပ်ကိုလည်း ဆောင်ရွက်ကြရန်ရှိပါကြောင်း။
ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် လိုက်လျောညီထွေဖြစ်စေမည့် အုပ်ချုပ်ရေး အာဏာ ကျင့်သုံးပုံ၊ လူသားအရင်းအမြစ် စီမံခန့်ခွဲပုံများတွင် အုပ်ချုပ်ရေးဝန်ထမ်းများ ရွေးချယ်ခန့်ထားရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ လေ့ကျင့်သင်ကြားပုံများ ပြုပြင် ပြောင်းလဲရေး စသည့် အချက်များကိုလည်း ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေး သုံးသပ်ပေးကြရန် မှာကြားလိုပါကြောင်း။
ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ် က ဆိုပြီး ဖြစ်လာရန်၊ မိမိတို့ ထွေအုပ် က စံနမူနာပြဖြစ်စေရန် အရှိန်အဟုန်နှင့် ဆောင်ရွက်လိုပါကြောင်း၊ ပြုပြင်ရမည့် အရာများ အများကြီးရှိနေသကဲ့သို့ ပြောင်းလဲရမည့် အရာများလည်း အများကြီးရှိနေပါကြောင်း၊ အသွင်သဏ္ဍာန်ပြောင်းလဲရေးနှင့် အနှစ်သာရပြောင်းလဲရေးကို ဟန်ချက်ညီညီ သွားလို ပါကြောင်း၊ တကယ်လုပ်နိုင်ကိုင်နိုင်မည့် ကိစ္စရပ်များကို ဦးစားပေးပြီး ထိရောက်အောင် ဆောင်ရွက်လိုပါကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့်လည်း အပိုင်းလိုက်ခွဲခြားပြီး စနစ်တကျ ပြောင်းလိုပါကြောင်း။
လက်ရှိအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို မိမိတို့ ဝန်ကြီးဌာန အောက် ရွှေ့ပြောင်းလိုက်ပြီးသည့်နောက် အုပ်ချုပ်ရေးယန္တရား တည်ငြိမ်ရေးကာလ အဖြစ် ၂၀၁၉ ခုနှစ် ပထမ သုံးလတာကာလကို သတ်မှတ်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ တစ်ချိန်တည်းမှာပင် နောင်လာမည့် ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ဆက်တိုက်ဆောင်ရွက်နေရာ တွင် ယခုကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲလည်း အပါအဝင်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ် က ဆိုသည်ကို လက်တွေ့ဖြစ်လာစေရန် မည်သည့် နေရာက စပြီးပြုပြင်ရမည်၊ နောက်ထပ် မည်သည့် လုပ်ငန်းစဉ်များကို ဆက်တိုက် လုပ်ဆောင်ကြမည်၊ တစ်ချိန်တည်းမှာ မည်သည်အရာများကို လုပ်ဆောင်ရမည် ဆိုသည်ကိုလည်း ဖော်ထုတ်ကြရမည်ဖြစ်ပါကြောင်း။
တစ်ဆက်တည်းမှာပင် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် မိမိတို့၏ အကြံပေး အဖွဲ့ဝင်များက ပြုပြင်ပြောင်းလဲမှုများအတွက် ပြည်နယ်တစ်ခု - မြို့နယ်တစ်ခု စီမံချက်(One State - One Township Project) ဟု ခေါ်သည့် အစီအစဉ်ကို ရှင်းလင်းပြောကြားပြီး မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်အတွင်း ဦးစားပေး မြို့နယ် သုံးမြို့နယ်ကို ရွေးချယ်ပြီး ပြန်လည်တင်ပြနိုင်ရန်အတွက် ဆွေးနွေးကြရန်ရှိပါကြောင်း၊ မိမိတို့၏ စဉ်းစားချက်သည် တစ်နိုင်ငံလုံး၊ နိုင်ငံတစ်ဝန်းလုံးတွင် ရှိနေသည့် မြို့နယ် တိုင်းတွင် တစ်ပြေးညီ လုပ်မည်ဆိုလျှင် စိတ်ကူးသက်သက်ပင် ဖြစ်နေပြီး လက်တွေ့ အကောင်အထည် ဖော်ရန် အခက်အခဲရှိနိုင်သည့်အတွက် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုတွင် တစ်မြို့ နယ် သတ်မှတ်ကာလအတွင်း အကောင်အထည် ပေါ်လာစေရန် ရှေ့ပြေးအနေဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း။
မိမိတို့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများသည် အစိုးရများ မည်သို့ပင် ပြောင်းပြောင်း၊ နိုင်ငံရေးစနစ်များ မည်သို့ပင် ပြောင်းပြောင်း နိုင်ငံတော်၏ အုပ်ချုပ်ရေး ကျောရိုး မဏ္ဍိုင်ကြီးအဖြစ် ခိုင်မာသည့် အဖွဲ့အစည်းတစ်ရပ်အနေဖြင့် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့ပြီးဖြစ်ပါကြောင်း။
သို့သော်လည်း နိုင်ငံတော်က ချမှတ်ထားသည့် အချက် ၁၂ ချက်တွင် ပါဝင်သည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး မူဝါဒနှင့် လုပ်ငန်းစဉ်များ၏ ပထမဆုံးအချက်အဖြစ် ဖော်ပြထားသည်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် တန်းတူညီမျှခြင်းဆိုသော လောကပါလတရားများကို ရရှိစေပြီး အခွင့်အရေး သာတူညီမျှဖြစ်သော ဝါဒရေးရာအရ ဖြူစင်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ပါကြောင်း။
ထို့အတွက်ကြောင့် မိမိတို့ ဆက်ပြီးလျှောက်လှမ်းရမည်မှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်သည့်အတွက် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ပြုပြင်ပြောင်းလဲမှုများကို စံနမူနာပြ ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်သူလူထုကို မျက်နှာမူ သည့် အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ရပ် ဖြစ်လာရန် ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ယနေ့ အလုပ်ရုံဆွေးနွေးပွဲမှတစ်ဆင့် ကိုယ်တိုင်ပါဝင်သည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကြီးကို စတင်ကြရမည်ဖြစ်ပါကြောင်း။
ထို့ကြောင့် အရှိကိုအရှိအတိုင်း၊ မိမိအတွေ့အကြုံကို အခြေခံပြီး လုပ်သင့် လုပ်ထိုက်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် တိုက်တွန်းမှာကြားလိုပါ ကြောင်း၊ ပြုပြင်ပြောင်းလဲရေး သီအိုရီများ၊ စိတ်ကူးများက အမျိုးမျိုးနှင့် အများကြီး ရှိနေပါကြောင်း၊ အတွေ့အကြုံနှင့် လက်တွေ့လုပ်ငန်းခွင်ကို အခြေခံမှသာ ထိရောက် မှန်ကန်သည့် ရလဒ်များ ထွက်ပေါ်နိုင်မည်ဟု မိမိအနေဖြင့် ခံယူပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် စေတနာကို အရင်းခံပြီး ပွင့်ပွင့် လင်းလင်း ဆွေးနွေးပေးကြရန်၊ ပြုပြင်ပြောင်းလဲမှုအစ ထွေအုပ်ကဟု ဆိုသည့် အတိုင်း တက်တက်ကြွကြွ ပါဝင်ပြီး ဝိုင်းဝန်းကြိုးပမ်းအားထုတ်ပေးကြရန် အလေးအနက် တိုက်တွန်းမှာကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆွေးနွေးပွဲ တက်ရောက်လာကြသူများနှင့် အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ဒေါက်တာ တင်မောင်သန်း က ပြုပြင် ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဦးကျော် က အထွေထွေအုပ်ချုပ်ရေးနှင့် ဆက်နွယ်နေသော ဥပဒေ ဆိုင်ရာ ပြဋ္ဌာန်းသတ်မှတ်ချက်များနှင့် လုပ်ငန်းဇယားနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒေါက်တာကျော်ရင်လှိုင် က အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ နိုင်ငံတကာ အတွေ့ အကြုံများကိုလည်းကောင်း၊ ဦးဝင်းကြည် က မဟာဗျူဟာအရ ပြောင်းလဲလုပ်ဆောင်ရ မည့် အရာများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ထို့ပြင် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ဆက်သွယ်ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ ပြဋ္ဌာန်းချက်များနှင့် ဆက်စပ်၍ ပြုပြင်ပြောင်းလဲရမည့် အချက်များ၊ အသွင်သဏ္ဍာန် ပြောင်းလဲခြင်းအတွက် လုပ်ဆောင်သင့်သည့် အချက်များနှင့် ရပ်ကျေးအဆင့်အထိ ပိုမို ထိရောက်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရေး ဆောင်ရွက်ရမည့် အချက်များကို အုပ်စုဖွဲ့ ဆွေးနွေးကြသည်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို သုံးရက်တာ ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲအတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အကြောင်းအရာများကို မေးခွန်းများ မေးမြန်းဆွေးနွေးခြင်း၊ အဖွဲ့လိုက်ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အတွေ့အကြုံများ မျှဝေသည့် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


