နေပြည်တော် နိုဝင်ဘာ ၂၁

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လက်တွေ့လုပ်ငန်းခွင်အလုပ်သင်‌ အစီအစဉ်အရ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတို့တွင် အလုပ်သင်ဆင်းသည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ B.Com B.Act BBA အထူးပြု တတိယနှစ် ကျောင်းသား ကျောင်းသူ အလုပ်သင်မောင်မယ်များအား နှုတ်ခွန်းဆက်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

ဦးစွာ ပြည်ထောင်စုစာရင်း စစ်ချုပ် ဒေါက်တာခင်နိုင်ဦးက အလုပ်သင်မောင်မယ်များအနေဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အဓိကတာဝန်တစ်ရပ်ဖြစ်သော နိုင်ငံတော်အရအသုံးများ စစ်ဆေးခြင်းအပါအဝင် စာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့် နိုင်ငံတကာစံ(ISSAIs)လိုက်နာဆောင်ရွက်မှု၊ ရုံး၏ဖွဲ့စည်းပုံအဆင့်ဆင့်၊ နိုင်ငံ့ဝန်ထမ်းများ လိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေးအတွက် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ ကြီးကြပ်မှု ပြုလုပ်ရာတွင် လိုက်နာရမည့် ဘဏ္ဍာရေး စည်းမျဉ်းများ၊ ငွေစာရင်းထိန်းသိမ်းရေး နည်းလမ်းများ၊ စာရွက်စာတမ်းများကို လုံခြုံစွာ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ရုံးစာရေးသားနည်းများစသည်တို့ကို စနစ်တကျ သင်ကြားပို့ချ ပေးမည်ဖြစ်ပါကြောင်း။

 

ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၏ရငွေများ စီမံကြီးကြပ်ကောက်ခံမှု၊ အသုံးစရိတ်များကို ထိရောက်အကျိုးရှိစွာ သုံးစွဲမှုတို့ ကိုစစ်ဆေးသည့် စစ်ဆေးရေးကဏ္ဍ၊ ဝန်ထမ်းရေးရာကဏ္ဍ၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကဏ္ဍများကိုလည်း စာတွေ့သာမက လက်တွေ့လေ့လာနိုင်မည့် အခွင့်အရေးလည်းရရှိမည် ဖြစ်ပါကြောင်း၊ ယခု အလုပ်သင်အစီ အစဉ်တွင် ပညာရေးဝန်ကြီးဌာန၏ မဟာဗျူဟာတစ်ခုဖြစ်သည့် Industry နှင့် University ပေါင်းစပ် ဆောင်ရွက်သည့် အစီအစဉ်တစ်ခုလည်းဖြစ်ပါကြောင်း၊ အလုပ်သင်ဆင်းခြင်းဖြင့် လုပ်ငန်းခွင် ပေါင်းသင်းဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု အလေ့အကျင့်များ တိုးတက်စေမည်ဖြစ်ပြီး ရရှိသည့် အသိပညာ၊ အတတ်ပညာများဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး ခရီးလမ်းတွင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်နိုင်ကြ စေလိုပါကြောင်း တိုက်တွန်း ပြောကြားသည်။

 

ထို့နောက် နည်းပညာဖွံ့ဖြိုးရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်သန္တာလေးက ရုံးအလုပ်သင်ဆင်းမှု အစီအစဉ် နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 

အလုပ်သင်မောင်မယ် ၂၈ ဦးမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ တတိယနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား ကျောင်းသူများဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် လေးဦးနှင့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် ၂၄ ဦး အလုပ်သင်ဆင်းကြသည်။

 

ယင်းနောက် အလုပ်သင် မောင်မယ်များကိုယ်စား ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒဌာနမှ စာရင်းကိုင်ပညာ ကျောင်းသူ မခင်ပြည့်စုံအောင်က အလုပ်သင်အတွေ့အကြုံများနှင့် ကျေးဇူးတင်စကား ပြောကြားသည်။

 

အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနနှင့် စီးပွားရေးတက္ကသိုလ်များမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးများ၊ နေပြည်တော် စာရင်းစစ်ရုံး၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်