ပြည်ထောင်စုမှာမွေး ပြည်ထောင်စုသွေးမို့ ပြည်ထောင်စုအရေးကို အသက်ပေး၍ ကာကွယ်စောင့်ရှောက်ကြပါမည်

မောင်သမ္မာဒိဋ္ဌိ

“လောကကို ကောင်းအောင်ပြုလုပ်ရာ၌ တစ်ယောက် နှစ်ယောက်ပြုလုပ်၍မကောင်း၊ အများနှင့်ပြုလုပ်မှကောင်းသည်။

စစ်သည်လက်နက်အင်အားပြည့်စုံခိုင်ခံ့လျှင် တစ်ပါးရန်သူတို့ ကြံစည်ဝံ့မည်မဟုတ်။

စစ်မက်အင်္ဂါငြိမ်းချမ်း၍ ပြည်သူ ပြည်သားတို့ စည်ကားချမ်းသာကြမည်။

သို့မဟုတ်ပါက နှာခေါင်းရှည်ရှည်နှင့် လူမျိုးတို့က ကျွန်ုပ်တို့ အမျိုးသမီးများကို နမ်းရှုပ်ကြလိမ့်မည်။”

နိုင်ငံတော်၏ ကာကွယ်ရေးအင်အား (Military Might) ခိုင်မာတောင့်တင်းနေလျှင် တိုင်းပြည်အေးချမ်းသာယာ စည်ကားဖွံ့ဖြိုးနေမည်ဟု ကုန်းဘောင်ခေတ်နှောင်းက နိုင်ငံရေးသုခမိန်ကြီး ယောမင်းကြီးဦးဖိုးလှိုင်က “တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်” ဟူသော ဧကန်ဧက ဒိဋ္ဌဓမ္ဓ လက်တွေ့ အကျိုးတရားကို ထုတ်ဖော်ခဲ့သည်။

သို့မဟုတ်ပါက နိုင်ငံတော်၏ ကာကွယ်ရေးအင်အားချို့တဲ့လျှင် တိုင်းတစ်ပါးသား လူမျိုးခြားတို့က ကျူးကျော်စော်ကား သိမ်းပိုက်မည့် အန္တရာယ်ကိုလည်း သတိပေးတင်ပြခဲ့သည်။

“လောကလူတွင်၊ အလှူပေးခြင်း
စစ်ထိုးခြင်းကား၊ မယွင်းတူမျှ
တူကုန်စွတည်း၊ အလောဘဟိတ်
ကြောက်စိတ်ကင်းစွာ၊ စွန့်ကြဲရာ၌
သဒ္ဓါသူရဲ၊ ဗိုလ်ထုခွဲလျက်
စစ်ကဲဝီရိယ၊ လုံ့လအထူး
ရဲခေါင်ကြူးထ၊ ဗိုလ်မှူးရွှေဉာဏ်
ဆုတ်မလှန်ဘဲ၊ စိတ်သန်ခိုင်ကျန်း
စွဲယူမှန်းလော့” 

ဟူ၍ ကျေးဇူးရှင် မန်လည်ဆရာတော်ဘုရားကြီးက မဃဒေဝ လင်္ကာသစ်ကျမ်း၌ အလှူဒါနပြုခြင်းကို စစ်မြေပြင်တွင် စစ်ထိုးခြင်းနှင့်လည်းကောင်း၊ လောဘစိတ် မငြိတော့ဘဲ ရဲရဲဝံ့ဝံ့ စွန့်လွှတ်လှူဒါန်းသည့် သဒ္ဓါတရားကို ရန်သူတို့အား ဖြိုခွဲပစ်နိုင်သော စစ်သူရဲနှင့်လည်းကောင်း၊ အလှူပြုရာ၌ ထုတ်လုပ်သော ဝီရိယကို စစ်ကဲ နှင့်လည်းကောင်း၊ ဝီရိယလုံ့လအထူးရှိပြီး ဉာဏ်ဖြင့်ယှဉ်လျက် ပါရမီ ဒါနတိုး လှူဒါန်းခြင်းသဘောကို ဗိုလ်မှူးနှင့်လည်းကောင်း ဓမ္မရေးကို လောကရေးနှင့် နှိုင်းယှဉ်ဥပမာပေး ရေးစပ်တော်မူခဲ့သည်မှာ ဂုဏ်ယူကြည်ညိုဖွယ်ဖြစ်ပါသည်။

အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ရသော မြန်မာ့တပ်မတော်

မြန်မာ့သမိုင်းစဉ်တစ်လျှောက်တွင် နိုင်ငံတော်၌ အကျပ်အတည်းများနှင့် အရေးပေါ်အခြေအနေများ ပေါ်ပေါက်လာသည့်အခါတိုင်း မြန်မာ့တပ်မတော် ခေါင်းဆောင်များက စစ်ရေးခေါင်းဆောင်တာဝန်အပြင် အုပ်ချုပ်ရေးခေါင်းဆောင်၊ စည်းရုံးရေးခေါင်းဆောင်၊ စီးပွားရေး ခေါင်းဆောင်တာဝန်များဖြင့် နိုင်ငံ့ခေါင်းဆောင်တာဝန်အရပ်ရပ်ကို မလွှဲမရှောင်သာဘဲ တာဝန်သိသိ သစ္စာရှိရှိ တာဝန်ယူကြရသည်မှာ မြန်မာ့သမိုင်းရေးနှင့် အမျိုးသားရေးတောင်းဆိုမှုများနှင့် လိုအပ်ချက်များ (Historical and national necessities) က သက်သေခံလျက် ရှိပါသည်။

မြန်မာ့သမိုင်းကို ပကတိအတိုင်း ရှုမြင်သုံးသပ်ကြည့်မည်ဆိုပါက ပထမမြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ထောင်ခဲ့သည့် အနော်ရထာမင်းသည် စစ်ရေးခေါင်းဆောင်ဘဝမှ စည်းရုံးရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်ဘဝဖြင့် နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ် လည်းကောင်း၊ ဒုတိယမြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာသည်လည်း စစ်ရေး ခေါင်းဆောင်ဘဝမှ စည်းရုံးရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် ဘဝဖြင့် နိုင်ငံ့ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ်လည်းကောင်း၊ တတိယမြန်မာနိုင်ငံတော်ကြီးကို ဦးဆောင်တည်ထောင်ခဲ့သည့် အလောင်းဘုရားသည်လည်း စစ်ရေးခေါင်းဆောင်ဘဝမှ စည်းရုံးရေး ခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်ဘဝဖြင့် နိုင်ငံ့ခေါင်းဆောင်ကောင်း တစ်ဦးအဖြစ်လည်းကောင်း အမိမြန်မာပြည်၏ “စီးပွားရေးအင်အား” (Economic Might)၊ “နိုင်ငံရေးအင်အား” (Political Might) နှင့် ကာကွယ်ရေးစွမ်းအား (Military Might) ဟူသော စွမ်းအား (၃) ရပ် စလုံး တောင့်တင်းခိုင်မာအောင် စွမ်းဆောင်နိုင်ခဲ့ကြသောကြောင့် အခြားတိုင်းတစ်ပါးနိုင်ငံများကပါ ရိုသေလေးစားခံခဲ့ရသော နိုင်ငံတော်အဖြစ် ခံ့ညားထည်ဝါစွာ ရပ်တည်နိုင်ခဲ့သည်မှာ သမိုင်းသက်သေ တည်ခဲ့ပြီးဖြစ်ပါသည်။

ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ၏ တပ်မတော်ဆိုင်ရာတရားတော်
စာရေးသူသည် နှစ်စဉ် တပ်မတော်နေ့ရောက်လာပြီဆိုလျှင် ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ၏ မြန်မာသက္ကရာဇ် ၁၃၁၃ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့ ည ၇ နာရီတွင် ရန်ကုန်မြို့မင်္ဂလာဒုံတပ်နယ်၌ ဟောကြားတော်မူခဲ့သည့် “စစ်တပ်တရားတော်” ကို အသည်းထိစွဲငြိစွာနာယူခဲ့ပါသည်။ ဆရာတော် ဟောဖော်ညွှန်ပြတော်မူခဲ့သည့် ဒေသနာတော်မှာ အမိမြန်မာပြည်အတွက် မည်သည့်အချိန်အခါမဆို လိုက်နာကျင့်ကြံ ဆောင်ရွက်ရမည့် တရားတော်ဖြစ်သောကြောင့် အကျဉ်းဥဒ္ဒေသအဖြစ် အနှစ်ချုပ်၍ ကောက်နုတ်ဖော်ပြလိုပါသည်။
x x x မြန်မာနိုင်ငံ လွတ်လပ်ရေးရတော့မယ်လို့ သူသူငါငါ ပြောနေကြတဲ့အချိန်ကပင် “လွတ်လပ်ရေးရလျှင် အဘယ်ဌာနသည် နိုင်ငံတော်အတွက် လိုရင်းပဓာန (အရေးကြီးဆုံးဌာန) ဖြစ်သနည်း” ဟု ပြဿနာတစ်ရပ်ကို စဉ်းစားခဲ့ပါတယ်။ ဒီအခါမှာ “စစ်တပ်နှင့် သာသနာတော်သည် နိုင်ငံတော်အတွက် လိုရင်းပဓာနဖြစ်၏” လို့ ဘုန်းကြီးစိတ်မှာ အဖြေတွေ့လာပါတယ်။

ရှင်းပြပါဦးမယ်။ တောင့်တောင့်တင်းတင်းနှင့် အရည်အချင်းရှိ၍ နိုင်ငံတော်ကို အမှန်ချစ်ခင်စွာ သစ္စာစောင့်သောစစ်တပ်သည် နိုင်ငံတော်တစ်ဝန်းလုံးကို သိမ်းကျုံး၍ ထိန်းသိမ်းထားနိုင်ပါတယ်။ နံနက်စောစောမှာ စစ်တပ်ကထွက်ပေါ်လာတဲ့ ဘင်ခရာအသံဟာ အိပ်ရာမှနိုးခါစဖြစ်တဲ့ တိုင်းသူပြည်သားကို စိတ်အားတက်ကြွစေပါ တယ်။ လက်နက်မျိုးစုံစွာဖြင့် စစ်ရေးပြနေသောစစ်တပ်ကြီးတွေကို မြင်ရတဲ့အခါ အဘယ်မျိုးချစ်ပုဂ္ဂိုလ်သည် နှစ်သက်ရွှင်ပျ၍ ပီတိလုံး မဆို့ဘဲ ရှိပါအံ့နည်း။ ဘုန်းကြီးကား လွတ်လပ်ရေးရတော့မည်ဟု ကြွေးကြော်နေသော အချိန်အခါကပင် နိုင်ငံတော်သားကောင်းများ၏ စစ်တပ်အင်အားကို အားကိုးလျက် နိုင်ငံတော်တိုးတက်တော့မည်ဟု မျှော်လင့်ခဲ့ပါတယ်။ x x x

တစ်ဖက်တစ်လမ်းမှ စစ်တပ်က နိုင်ငံတော်ကို ထိန်းသိမ်းလျက် တစ်ဖက်တစ်လမ်းမှ သာသနာတော်က အသိဉာဏ်တိုးပွားစေ၍ တရားမျှတအောင် ကြိုးစားပေးပါမှ ဤနိုင်ငံတော်သည် နှစ်ပေါင်းအနည်းငယ်အတွင်းမှာပင် ကမ္ဘာက အသိအမှတ်မပြုလျှင် မဖြစ် လောက်အောင် တိုးတက်လာမည်ဟု မျှော်လင့်ထားပါတယ်။ x x x
ဘုရားကျောင်းဒကာ ဗိမ္ဗိသာရမင်းဟာ ဘုရားနှင့် ပထမဦးဆုံး တွေ့တုန်းကပဲ သောတာပန်ဖြစ်တယ်။ အဲဒီ သောတာပန်မင်းတရားလည်း တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာမှာ စစ်တပ်ကိုပဲ အဖော်သဟဲလုပ်လို့ အုပ်ချုပ်တာကို တွေ့ရတယ်။

သည်တုန်းက ရာဇဂြိုဟ်ပြည်ရဲ့ အစွန်အဖျားမှာ သူပုန်ထတယ်။ အဲဒီအခါ ဘုရင်ကြီးက “အမောင်တို့ သွားချေကြ၊ သူပုန်ထလို့ ပျက်စီးနေတဲ့ အစွန်အဖျားရွာတွေကို စည်ကားအောင် စောင့်ရှောက်ချေကြ”တဲ့။ “လူတွေနေထိုင်နိုင်အောင် လယ်ယာတွေကို လုပ်ကိုင်နိုင်အောင် စောင့်ရှောက်ချေကြ” လို့ အမိန့်ပေးရတာပဲ။ သည်တော့ သောတာပန် ရှင်ဘုရင်ကြီးမှာ စစ်တပ်ကို အဖော်သဟဲလုပ်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေပေမယ့် စိတ်ရော၊ နှုတ်မှာရော ဘာအပြစ်မှမရှိဘူးဆိုတာကို သင်ခန်းစာတစ်ရပ်အဖြစ် မှတ်ယူစေလိုတယ်။ x x x

သီဟိုဠ်နိုင်ငံ (ယခုသီရိလင်္ကာနိုင်ငံ) ပြည့်ရှင် “ဒုဋ္ဌဂါမဏိမင်း”ဟာ သူရဲကောင်း ဗိုလ်မှူးတစ်ကျိပ်နဲ့အတူ သာသနာပြုလိုသောဇောဖြင့် ရန်သူများကို သုတ်သင်ခဲ့တယ်။ ထိုမင်းဟာ “သာသနာစိတ်” နှင့် “စစ်စိတ်” ကို ခွဲမရအောင်ယှဉ်တွဲနေတယ်။ သူကိုယ်တိုင် ကိုင်ဆောင်တဲ့လှံမှာ ဘုရားဓာတ်တော်ကို ဌာပနာထားသတဲ့၊ သူ့ရဲ့သစ္စာဓိဋ္ဌာန်ထားရာမှာ “မိမိချမ်းသာရေးအတွက် ကြိုးစားခြင်းမဟုတ်ပါ၊ ဘုရား သာသနာတော်ကို ခိုင်မြဲစွာတည်စေလိုသောကြောင့် ကြိုးစားခြင်း ဖြစ်ပါတယ်” လို့ သစ္စာဆိုလေ့ရှိတယ်။

ဗုဒ္ဓဘာသာဝင်မင်းများတွင် အထင်ရှားဆုံးဖြစ်တဲ့ သီရိဓမ္မာ သောကမင်းကြီးကို ကြည့်ဦးမလား၊ ဘုန်းလက်ရုံးအင်အားဖြင့် ဇမ္ဗူဒိပ်ခေါ်တဲ့ အိန္ဒိယတစ်ဝန်းလုံးကို သိမ်းကျုံးလွှမ်းမိုးပြီး တရားမင်းကြီးအဖြစ်နဲ့ အုပ်စိုးနိုင်ခဲ့တယ်။ အဲဒီအုပ်စိုးတဲ့နေရာမှာ လက်ညှိုးညွှန်ရာ ရေဖြစ်ရတယ်ဆိုတာမျိုးကို ဘုန်းတန်ခိုးချည်း မမှတ်ကြနဲ့။ စစ်တပ် ကလဲ စွမ်းရည်သတ္တိနဲ့ ဘုရင်အပေါ်မှာ သစ္စာရှိလို့သာ အုပ်စိုးနိုင်တာ ဖြစ်တယ်။ အဲဒီလို အုပ်စိုးပြီး သာသနာတော်အကျိုးရွက်ဆောင်ပုံကိုတော့ မပြောနဲ့တော့။ အိမ်ရှေ့မင်းအရာကို မှန်းထားတဲ့ သားတော် မဟိန္ဒမင်းသားနဲ့ သမီးတော် သံဃမိတ္တကိုပင် ဗုဒ္ဓသာသနာတော် သွတ်သွင်း၍ ရင်းရင်းနှီးနှီးချီးမြှောက်တော်မူတယ်။ တိုင်းသူပြည်သားတွေ တရားမျှတအောင် တရားစာကျောက်တိုင်တွေ အနှံ့အပြားစိုက်ထူ ကာ ဘာသာရေးကိုလည်း ကြိုးစားတော်မူခဲ့တယ်။

ယခုမြန်မာနိုင်ငံမှာရှိတဲ့ သာသနာတော်ဟာ ထိုမဟိန္ဒမထေရ်က ဆက်သွယ်လာတဲ့ သာသနာတော်ပဲ၊ အကယ်၍ ဓမ္မာသောကမင်းမှာ ဘုန်းတန်ခိုးနှင့် စစ်တပ်အင်အား နည်းပါးခဲ့ပါမူ ယခုအခါ မြန်မာနိုင်ငံ၌ သာသနာရှိကောင်းမှရှိမယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိသာသနာတော်ဟာ ဟိုဓမ္မာသောကမင်းရဲ့စစ်တပ်နှင့် အဆက်အသွယ်မကင်းဘူးဆိုလျှင် မှားမယ်မထင်ဘူး၊ ဒါကြောင့် အားလုံးသော စစ်ဗိုလ်စစ်သားတွေမှာ သာသနာကိုစောင့်ရှောက်လိုတဲ့စိတ်လည်း အမြဲရှိစေလိုတယ်။

ယခုအခါ ‘ရဲဘော်’လို့ ခေါ်နေကြတဲ့ တပည့်တို့ရဲ့ စစ်ဗိုလ်ဘဝ၊ စစ်သားဘဝဟာ နိုင်ငံတော်ရဲ့တာဝန်ကို ထမ်းဆောင်နေတဲ့ဘဝ ဖြစ်သောကြောင့် အလွန်အထက်တန်းရောက်နေတဲ့ ဘဝဖြစ်ကြောင်းကို အမှန်အတိုင်း နားလည်စေချင်တယ်။

ရှေးမင်းကောင်းမင်းမြတ်များနှင့် ဘုန်းကြီးတို့ရဲ့အလောင်းအလျာများလည်း မိမိကိုယ်တိုင် စစ်သား၊ စစ်ဗိုလ်ဘဝနှင့်ဖြစ်စေ၊ စစ်တပ်ကို အဖော်သဟဲလုပ်၍ဖြစ်စေ နိုင်ငံတော်အကျိုး၊ သာသနာတော်အကျိုးကို ရွက်ဆောင်ကာ နိဗ္ဗာန်ရောက်ကြောင်း ကောင်းမှုပါရမီကို ဖြည့်ကျင့်သွားကြတာတွေ တွေ့ရတယ်။ x x x နိုင်ငံက စစ်သည်တော်တပ်သားတွေကို လေးစားခြင်း၏အကြောင်းကို စဉ်းစားကြစို့၊ အနော်ရထာ စသော ရှေးမင်းကောင်းတို့ လက်ထက်ကပင် နိုင်ငံတော်ကို တိုးတက်အောင်၊ လုံခြုံအောင် စစ်တပ်ကစောင့်ရှောက်ခဲ့ပုံမှာ ယခုအထိ ထင်ရှားနေတယ်။ ပြီးတော့ များစွာသောစစ်သားတွေဟာ ဆွေမျိုးဉာတိ သားမယားနှင့်ခွဲပြီး နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နေကြရှာတယ်။ အနစ်နာခံစရာရှိလျှင် သူတို့ပင် အနစ်နာခံရှာကြတယ်။ x x x

ဗုဒ္ဓမြတ်စွာလက်ထက်တော်က ဝေသာလီပြည်မှာ “သီဟ” စစ်သူကြီးဆိုတာ လိစ္ဆဝီမင်းအပေါင်းတို့ရဲ့ စစ်သူကြီးဖြစ်တယ်။ နဂိုကလည်း လိစ္ဆဝီမင်းသားတစ်ပါးပဲ။ သူဟာ ပထမတုန်းက “နီဂဏ္ဏ” ဆရာကြီးကို ကိုးကွယ်တယ်။ နောက်မှ အစည်းအဝေးတစ်ခုမှာ လိစ္ဆဝီမင်း အများပြောနေတဲ့ ဗုဒ္ဓရဲ့ဂုဏ်တော်တွေကိုကြားရလို့ ဗုဒ္ဓထံ သွားချင်စိတ်ပေါ်လာတယ်။ သို့သော် ဗုဒ္ဓထံသွားလိုကြောင်း “နီဂဏ္ဏ” ဆရာကြီးအား ပန်ကြားတဲ့အခါ ဆရာကြီးက ဝါဒချင်းမတူသဖြင့် မသွားသင့်ဘူးဟု တားမြစ်သောကြောင့် သွားဖို့အစီအစဉ်ပျက်သွားတယ်။ ဒုတိယအကြိမ် ဂုဏ်တော်တွေကိုကြားလို့ သွားဖို့ခွင့်တောင်းတော့လည်း ဖျက်ပြန်တာပဲ။

တတိယအကြိမ်ကျတော့ ဆရာကြီးထံ ခွင့်မပန်တော့ဘဲ တစ်မြို့ လုံးကို ကြွေးကြော်ပြီးမှ ရထား ၅၀၀ ခြံရံလျက် ဗုဒ္ဓထံသွားလေရာ တရားဒေသနာကို ကြားနာအပြီးမှာ သောတာပန်ဖြစ်သွားတယ်။ ဒီလိုသောတာပန်ဖြစ်ပေမယ့် စစ်သူကြီးဟာ စစ်သူကြီးဘဝနဲ့ပဲ တရားသောနည်းလမ်းဖြင့် တိုင်းပြည်ကို တာဝန်ထမ်းဆောင်နေပါတယ်။ အဲဒီစစ်သူကြီးအကြောင်းနဲ့စပ်ပြီး ဒီလိုစစ်တပ်တွေကို ရှေးရှေးတုန်းက သောတာပန်စစ်ဗိုလ်ချုပ်ကြီးတွေ အုပ်ချုပ်နေကြတယ်လို့ သင်ခန်းစာ ရယူကြစေလိုပါတယ်ဟူ၍ဖြစ်ပါသည်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဇနကာဘိဝံသ၏ မြန်မာ့တပ်မတော်ဆိုင်ရာဒေသနာတော်ကို နာကြားလေ့လာရုံမျှနှင့်ပင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ကမ္ဘာတည်သမျှ ကြာရှည်ထာဝရ အဓွန့်ရှည်ကြာစွာ တည်တံ့ထွန်းကားပြန့်ပွားရေးနှင့် တပ်မတော်၏ အခန်းကဏ္ဍတို့မှာ ခွဲ၍မရဘဲ အညမညသဘောဖြင့် အပြန်အလှန် ကျေးဇူးပြုနေပုံကို ထင်ရှားစွာသိမြင်ကြမည်ဖြစ်ပါသည်။

တပ်မတော်စွမ်းအား ပြည့်အင်အား
x x ရဲသော် မသေ
သေသော် ငရဲမလား
ဆိုရိုးစကားရှိ
အမိမြေပေါ် နယ်ကျော်မခံ
ပုဂံရဲသွေး ဖိတ်ဖိတ်ပြေးခဲ့
နယ်ချဲ့ဘီလူး၊ ဖုန်းဆိုးရူးကို
ဖြိုလှဲတိုက်ထုတ်၊ ဇာတိရုပ်ပြ
မြန်မာ့ရဲသွေး၊ နီစွေးစွေးဟု
ထုဆစ်ရေးတင်၊ သမိုင်းထင်ကျန်
ပဲ့လျှံဟည်းမည်၊ ကမ္ပည်းတည်ထိုး
စည်းလုံးမိုးသွန်းဖြိုးရွာ၊
ပြည်ထောင်စုမပြိုကွဲရေး
တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး
အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး
ဒို့အရေးသုံးပါး၊ ဦးထိပ်ထားကာကွယ်
ဘယ်သူခွဲခွဲ၊ တို့မကွဲဟု
စွဲပြုခံယူ၊ ပြည်သူနှင့်တပ်
တပ်နှင့်ပြည်သူ၊ ချစ်ကြည်ဖြူလက်တွဲ
အောင်ပွဲအဆင့်ဆင့်ခံသတည်း x x

ကျွန်တော် မြဝတီစာပေတိုက်တွင် တာဝန်ထမ်းဆောင်ခဲ့စဉ် နှစ်(၅၀) ပြည့် ရွှေရတုတပ်မတော်နေ့ အထိမ်းအမှတ်စာပေနှင့် ဓာတ်ပုံ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီတွင် ပါဝင်တာဝန်ယူခဲ့ရရာ ကဗျာစာဆို ကျော်မြင့်လွင် (ရွှေကိုင်း) ၏ ဒို့တာဝန်အရေးသုံးပါး သရုပ်ဖော်ကဗျာကို နှစ်ခြိုက်ရွေးချယ်ဖော်ပြပေးခဲ့သည်ကို အမှတ်ရ၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

မြန်မာ့တပ်မတော်သမိုင်းစဉ်ကို ပြန်ကြည့်မည်ဆိုပါလျှင်-

    -    အမျိုးချစ်စိတ်ဓာတ် ပြင်းပြသည့် အစဉ်အလာ

    -    ကိုယ်ကျိုးကို ပဓာနမထားဘဲ တိုင်းပြည်နှင့် လူမျိုး၊ အမျိုး၊ ဘာသာ၊ သာသနာကို အသက်နှင့်လဲပြီး ကာကွယ်စောင့်ရှောက်ခဲ့သည့်အစဉ်အလာ

    -    နိုင်ငံတော်၏လွတ်လပ်ရေးကို ရယူပေးခဲ့သည့်အစဉ်အလာ

    -    ပြည်တွင်း ပြည်ပအန္တရာယ်မှန်သမျှကို တွန်းလှန်ပြီး နိုင်ငံတော် နယ်မြေတည်တံ့မှုနှင့် အချုပ်အခြာအာဏာကို စောင့်ထိန်းပေးခဲ့သည့် အစဉ်အလာ

    -    တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် အစဉ်ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အစဉ်အလာ

    -    ငြိမ်းချမ်းရေးကို နှစ်သက်မြတ်နိုးသည့် အစဉ်အလာ

    -    ရှေ့ကဦးဆောင်၍ စံနမူနာပြ ပြုလုပ်တတ်သည့်အစဉ်အလာ

တို့ကို ထင်ရှားစွာတွေ့မြင်ကြရမည်ဖြစ်ပါသည်။

တပ်မတော်သားများသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးဟူသော ဒို့တာဝန်အရေးသုံးပါး (ဝါ) မြန်မာနိုင်ငံတော်၏ အဓိကအကျဆုံးသော အမျိုးသားရေးတာဝန်သုံးရပ်ကို မြန်မာ့ တပ်မတော်၏ တစ်ခုတည်းသောယုံကြည်ချက်၊ ခံယူချက်အဖြစ် နှလုံး ပိုက်ထားကြစမြဲပင်ဖြစ်ပါသည်။

x x x သူ့တပ် တို့တပ်၊ စစ်မြေရပ်ဝယ်
ကျပ်ကျပ်တည်းတည်း၊ စည်းစည်းရုံးရုံး
နှလုံးမတွန့်၊ စိတ်ကို လွန့်လျက်
သက်စွန့်များသူ၊ နိုင်မြဲယူလော့
သူတို့မှတ်ရိုး၊ စစ်မက်ထိုးသော်
အားကြိုးတင်းတင်း၊ လူအချင်းချင်းကို 
ဘယ်မင်းဖက်ပြိုင်၊ ဘယ်တပ်ဆိုင်အံ့
သူ့နိုင်ငံသား၊ သံမှုန့်စားမှ
တို့ဓားတုံးမည်၊ မှတ်တော်တည့်လော့” 

ဟူသော “နန္ဒိသေနပျို့” က မြန်မာ့တပ်မတော်သားတို့၏ လှေခွက်ချည်းကျန် အောင်လံမလှဲသည့် သံမဏိစိတ်ဓာတ်ကို အစဉ်ဖော်ပြလျက်ရှိပါသည်။

စင်စစ်မှာ ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာလျှင် အချိန်မရွေး လက်ရုံးရည်ရော နှလုံးရည်ပါ သတ္တိဗျတ္တိအပြည့်အဝဖြင့် မကြောက်မရွံ့ နောက်မတွန့်ဘဲ ရင်ဆိုင်ဆင်နွှဲတိုက်ပွဲဝင်ကြသူများမှာ တပ်မတော်သားများပင်ဖြစ်ကြသည်။ သာဓကအားဖြင့် ထင်ရှားသော သမိုင်းသာဓကတစ်ခုကို ထုတ်နုတ်တင်ပြရမည်ဆိုပါလျှင် ဖက်ဆစ် တော်လှန်ရေးဆင်နွှဲခဲ့စဉ်ကာလတွင် ထိုစဉ်က မျိုးချစ်လူငယ် တို့သည် တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် အသက်မပြည့် သေးဘဲ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ်ပြင်းပြစွာဖြင့် ထိုစဉ်က မင်္ဂလာဒုံစစ်တက္ကသိုလ်ကျောင်း၌ ဖွင့်လှစ်ခဲ့သော မူလတန်း စစ်ပညာသင်တန်းသို့ တက်ရောက်ခဲ့ကြသည်။ ထိုစဉ်က အရေးပေါ် တော်လှန်ရေးကာလဖြစ်၍  မူလတန်းစစ်ပညာသင်တန်းသို့ အသက် ၁၄၊ ၁၅၊ ၁၆ နှစ်အရွယ် မျိုးချစ်လူငယ်များကို တက်ရောက်ခွင့်ပေးခဲ့သည်။ 

ဖက်ဆစ်တော်လှန်ရေးကို ယခုတော်လှန်ရေးပန်းခြံ၌ ဗိုလ်ချုပ်အောင်ဆန်းက တပ်ထွက်မိန့်ခွန်းပြောကြားပြီးနောက် စတင်ချီတက် ခဲ့ရာ မူလတန်းစစ်ပညာသင်တန်းဆင်း ရဲဘော်ငယ်တို့သည် ရှေ့ဆုံး တန်းမှ ချီတက်ခဲ့ကြသည်။ ဖက်ဆစ်တော်လှန်ရေးကာလ၌ တိုင်း(၁)၊ မင်းလှစည်သူတိုင်း တပ်ရင်းအမှတ် ၁၀၀၃ တွင် မူလတန်းတပ်ဖွဲ့ဝင်များ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဆင်နွှဲခဲ့ရာ ထူးခြားသောအောင်မြင်မှု ရရှိခဲ့သည်။ ဖက်ဆစ်တော်လှန်ရေး မူလတန်းတပ်ဖွဲ့ဝင် ရဲဘော်ငယ်ကလေးက ဂျပန်စစ်သုံ့ပန်းကို အမိအရဖမ်းဆီးကာ ထိုစဉ်က အင်္ဂလိပ်တပ်ဖွဲ့သို့ သွားရောက်အပ်နှံခဲ့ရာ အင်္ဂလိပ်နယ်ချဲ့၏တပ်ဖွဲ့မှ အရာရှိကြီးများမှာ ကြက်သီးမွေးညင်းထအောင် အံ့အားသင့်စွာချီးကျူးခဲ့ရသည်မှာ မြန်မာ့တပ်မတော်သမိုင်းတွင် မော်ကွန်းစိုက်ထူခဲ့ရသည်အထိ ထူးချွန်ပြောင်မြောက်ခဲ့ပါသည်။
 
ဤနေရာတွင်စပ်လျဉ်း၍ ထိုစဉ်က ရန်ကုန်မင်္ဂလာဒုံစစ်တက္ကသိုလ် ဗိုလ်သင်တန်းကျောင်းမှ မူလတန်းစစ်ပညာသင်တန်းကို သတင်းစာမှ ခေါ်ယူခဲ့သည့် ကြော်ငြာစာကို သမိုင်းဝင်မှတ်တမ်းတစ်ခုအဖြစ် ပြန်လည်ဖော်ပြလိုက်ပါသည်-

အလိုရှိသည်
မူလတန်းစစ်ပညာသင်ကျောင်း-မင်္ဂလာဒုံ
ဒုတိယအပါတ်စစ်ပညာသင်ကြားရန်
ကျောင်းသားသစ်များထပ်မံရွေးချယ်မည်
၁၃၀၅ ခု တန်ဆောင်မုန်းလဆန်း ၈ ရက်နေ့အထိ မူလတန်း စစ်ပညာသင်ကြားရေးအတွက် လျှောက်လွှာများကို လက်ခံလိမ့်မည် ဖြစ်ကြောင်း၊ လျှောက်လွှာရှင်များသည် အောက်ပါပုံစံအတိုင်း လျှောက်ထားနိုင်ကြောင်း
(က) အမည်----- အသက်(၁၄ နှစ်မှ ၁၆ နှစ်အထိ)
(ခ)    လူမျိုး----- ပညာအရည်အချင်း -----
(ဂ)    မိဘနေရပ်အပြည့်အစုံ -----
လျှောက်လွှာရှင်များသည် တိုင်းပြည်ကို ကာကွယ်ရန် စိတ်ဓာတ် ရင့်သန်၍ ကိုယ်အင်္ဂါကျန်းမာသန်စွမ်းပြီးလျှင် မိမိတို့သင်ကြား တတ်မြောက်ထားသော ပညာများနှင့် ကျွမ်းကျင်သည့်ဘာသာများ ရေးသားရမည့်အပြင် မိမိတို့ပေးထားသောအသက်ကို ဟုတ်မှန်ကြောင်း မြို့--- ရွာ --- ခရိုင်အရာရှိများက တာဝန်ခံသည့် လက်မှတ်ပါရှိရမည်ဖြစ်ကြောင်း၊

၁၃၁၅ ခု တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့တွင် ကျန်းမာခြင်း စစ်ဆေး၍ ၎င်းလဆန်း ၁၁ ရက်နေ့တွင် သင်္ချာ၊ ပထဝီ၊ ရာဇဝင်၊ မြန်မာစာ၊ နိပွန်စာ စသည်များကို မေး၍ အဖြေခိုင်းမည်ဖြစ်ကြောင်း၊ အလယ်တန်းနှင့် အထက်တန်းတက်သူများကို ပိုမို၍ အခွင့်အရေးပေးမည်ဖြစ်ကြောင်း၊ 

ကျန်းမာခြင်းအောင်သောသူများအနက် ၅၀ ယောက်တို့အား မူလတန်းစစ်ပညာသင်ကျောင်း မင်္ဂလာဒုံသို့ တက်စေ၍ ကျန်သူ ၅၀ အား အချက်ပြဆက်သွယ်ရေးပညာသင်တန်းသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊

ကျောင်းတက်နေစဉ်တွင် အစစကုန်ကျစရိတ်အပြင် အဝတ်အစားနှင့် လစဉ်မုန့်ဘိုးငွေ ၁၀ ပေးလိမ့်မည်။

ကျောင်းဝင်ပြီးသောအခါ ကျောင်းသားက မိမိ၏သဘောအရ ကျောင်းနှုတ်ထွက်နိုင်ခွင့်မရှိ၊ သင်ခန်းစာကောင်းစွာ မလေ့လာသူများ၊ စာသင်လိုသော စိတ်ထက်သန်ခြင်းမရှိသူများ၊ ကျန်းမာခြင်းမညီညွတ် သူများတို့အား ကျောင်းမှနှုတ်ထွက်ရန် အမိန့်ပေးလိမ့်မည်။

မူလတန်းစစ်ပညာသင်သူများသည် အကြမ်းအားဖြင့် နှစ်နှစ်ကြာမည်၊ လေ့ကျင့်ခန်းများ၏ ရည်ရွယ်ချက်မှာ ကျောင်းသားများသည် ဗမာ့တပ်မတော်အရာရှိဗိုလ်များ ဖြစ်လာနိုင်ရန် သင်ကြားလေ့ကျင့်ရန်နှင့် မိမိတို့၏အတွင်းစိတ်ဓာတ်မြင့်မြတ်အောင် လေ့ကျင့်ရန်ဖြစ်ကြောင်း၊

လျှောက်လွှာရှင်များသည် ရန်ကုန်မြို့၊ ပြည်လမ်း၊ စစ်ဝန်ကြီးရုံး စစ်ပညာညွှန်ကြားရေးဌာနသို့ ၁၃၁၅ ခု တန်ဆောင်မုန်းလဆန်း ၉ ရက်နေ့ နောက်ဆုံးလျှောက်ထားနိုင်ကြောင်း။

    သိန်းဟန်
    ဗိုလ်မှူး၊ ကလေး၊ အထွေထွေဌာနမှူး
    စစ်ဝန်ကြီးရုံး၊ နေပြည်တော်
ဟူ၍ဖြစ်သည်။

ချုပ်၍ဆိုပါလျှင် မြန်မာ့တပ်မတော်သည် တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်အသွယ်သွယ်ကို မကျရောက်အောင် ကာကွယ်တားဆီးခဲ့သကဲ့သို့ နောင်လည်း ကာကွယ်တားဆီးသွားမည်သာဖြစ်သည်။

တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအပေါ်သို့ ဘေးအန္တရာယ် တစ်စုံတစ်ရာကျရောက်လာပါကလည်း တိုင်းရင်းသားပြည်သူတို့နှင့်အတူ တွန်းလှန်ဖယ်ရှားခဲ့သော အတွေ့အကြုံများရှိသကဲ့သို့ နောင်အနာဂတ်တွင်လည်း တွန်းလှန်ဖယ်ရှားသွားမည်သာ ဖြစ်သည်။

တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးအတွက် အကျိုးရှိစေမည့် စီမံကိန်း၊ စီမံချက်အစီအစဉ်များကို ချမှတ်အကောင်အထည်ဖော်ရာတွင် လည်း တပ်မတော်သည် ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့၏။ နောင်လည်း ပါဝင်ဆောင်ရွက်နေမည်သာဖြစ်သည်။

နိုင်ငံတော်၏ လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုကို စိတ်ချလက်ချ ကာကွယ်စောင့်ရှောက်နိုင်သည့် အခြေအနေရှိအောင် အဆက်မပြတ်တည်ဆောက်နေမည်သာဖြစ်သည်။

နိုင်ငံသားများအားလုံး၊ တိုင်းရင်းသားလူမျိုးများအားလုံး၏ ကျစ်လျစ်ညီညွတ်သည့် စည်းလုံးရေးကို တည်ဆောက်ထိန်းသိမ်း နေမည်ဖြစ်သကဲ့သို့ နောင်အနာဂတ်တွင်လည်း အဆက်မပြတ် တည်ဆောက်သွားမည်သာဖြစ်သည်။

တပ်မတော်သည် အဖွဲ့အစည်းအားလုံးထဲတွင် အင်အား တောင့်တင်းအခိုင်မာဆုံးသော အဖွဲ့အစည်း (Strong Institution) ဖြစ်သည်ကို မြန်မာ့သမိုင်းဖြစ်စဉ်များက သက်သေခံလျက်ရှိသည်။ အမိပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တိုင်းရင်းသားပြည်သူများ၏ ရင်နှစ် သည်းချာများဖြင့် ဖွဲ့စည်းထားသောတပ်မတော်သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ ပြည်သူ့ကိုယ်စားလှယ်များနှင့်အတူ နိုင်ငံတော်အကျိုး၊ တိုင်းရင်းသား ပြည်သူတို့အကျိုးတို့ကို ဦးထမ်းပဲ့ထမ်းဆောင်ရွက်လျက်ရှိသည်။

စင်စစ်မှာ တပ်မတော်သည် “ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏” ဟူ၍ နေ့စဉ်သစ္စာဆိုထားကြသူများဖြစ်၍ လက်တွေ့ဘဝ၌လည်း အသက်ကို မခေါက်မရက် စွန့်လွှတ်ဝံ့သောတိုင်းချစ်ပြည်ချစ် ပြည်သူ့ သစ္စာခံများဖြစ်ကြသည်။ ငါးနှစ်တာ သတ်မှတ်ကာလကလေးအတွက် ဒေသတစ်ခုခုကို ကိုယ်စားပြုရွေးချယ်ခြင်းခံရသော ကိုယ်စားလှယ် မဟုတ်စေကာမူ ရာသက်ပန်တာဝန်ထမ်းဆောင်ရန် နိုင်ငံတော်က အပ်နှင်းထားသည့် ထာဝရပြည်သူ့ ကိုယ်စားလှယ်များသာဖြစ်ကြသည်။ သို့ဖြစ်၍ အမိမြန်မာပြည်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်သည် နိုးကြားစွန့်စားရဲဝံ့ပြတ်သားစွာ ပြည်သူ့သစ္စာကို စောင့်သိတာဝန်ကျေပွန်စွာ တာဝန်ထမ်းဆောင် သွားမည်သာဖြစ်ပါသတည်း။        ။